ဆယ်တန်းစာမေးပွဲ

February 26, 2023

ဆယ်တန်းစာမေးပွဲနီးကပ်လာချိန် ရန်ကုန်မြို့၌ မီးပိုပျက်လာ

ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲ နီးကပ်လာတာနဲ့အမျှ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ကာ တရက်ကို ၄ နာရီခြား တခါ မီးပေးတဲ့စနစ်ကို ကျင့်သုံးနေပြီး ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ညပိုင်းတွေကိုပါ မီးဖြတ်တောက်တာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

မတ် ၈ ရက်နေ့ကနေစပြီး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပတော့မှာဖြစ်ပေမယ့် မီးမမှန်တာကြောင့် အားသွင်းတဲ့ မီးလုံးတွေနဲ့ပဲ စာကျက်နေရတယ်လို့ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပချိန်မှာ ညပိုင်းတွေကို မီးပေးနိုင်ဖို့အတွက် အလုပ်ရုံ၊ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီးအသုံးမပြုဖို့အတွက် စစ်ကောင်စီ လျှပ်စစ်ဌာနက ကြေညာထားပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးနဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို လာမယ့် မတ်လ ၁ ရက်ကနေ  ၂၀ ရက်အထိ လျှပ်စစ်ဓာတ်အားတွေကို ညနေ ၅ နာရီကနေ ၁၀ နာရီအထိ ကန့်သတ်အချိန်အတွင်း အသုံးမပြုကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ 

1 month Ago

February 16, 2023

၁၀ တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်များထုတ်ယူရန် စစ်ကောင်စီလက်အောက်ခံ စာစစ်ဌာန ကြေညာ

ဒီနှစ်မှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင် ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ စစ်ကောင်စီပညာရေးဌာနလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှ  ၁၈ ရက်အထိ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ဓာတ်ပုံ ကပ်ထားပြီး ခုံအမှတ်စဉ်ပါတဲ့ ဖြေဆိုခွင့်ကတ်ပြားတွေကို တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ စာစစ်ဌာန အသီးသီးမှာ သွားရောက် ထုတ်ယူရမယ်လို့  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီနေ့မှာ သတင်းထုတ်ပါတယ်။

ထုတ်ယူရာမှာ အခက်အခဲရှိပါက သက်ဆိုင်မြို့နယ် ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံ တိုက်ရိုက် မေးမြန်းနိုင်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခွဲ၊ တွဲဖက်)၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဖြေဆိုခွင့်ကတ်တွေကို သက်ဆိုင်ရာ ကျောင်းအုပ်ထံမှာ ထုတ်ယူရမှာပါ။

ပြင်ပဖြေဆို ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန ကြီးကြပ်ရေးမှူး (မြို့နယ်ပညာရေးမှူးရုံး) မှာ သွားရောက်ထုတ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၃ သိန်းလောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒီနှစ်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ပြင်ပက ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတဲ့အရေအတွက်တင် ၁ သိန်း ၈ သောင်းလောက်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စာရင်းတွေအရ သိရှိရပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲဟာ စနစ်ဟောင်း၊ သင်ရိုးဟောင်းအတွက် နောက်ဆုံးကျင်းပမယ့် စာမေးပွဲလည်းဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားတာဖြစ်ပေမဲ့  အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တခုမှ တရားဝင်ခြင်းမရှိသလို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့   သိန်းနဲ့ ချီတဲ့ ကျောင်းသူကျောင်းသားတွေရော  ဆရာ၊ ဆရာမတွေပါ အာဏာဖီဆန်  CDM လုပ်ထားကြတာဖြစ်ပါတယ်။

1 month Ago
More News
Up