ဆယ်ကျော်သက်မိခင်များ

October 7, 2020

ဝေးလံခေါင်ဖျားအရပ်မှ ဆယ်ကျော်သက်မိခင်များ (ဆောင်းပါး)

“ဗိုက်အောင့်ရင် တောထဲသွားတယ်။ ကလေးကို ကိုယ့်ဘာသာကိုယ် မွေးတယ်။ ချက်ကြိုးကို မှန်နဲ့ပဲ ဖြတ်လိုက်တယ်” ဒီစကားဆိုသူကတော့ မောက်မယ်မြို့နယ်မှ ဆိုင်ကယ်ဖြင့် ၂ နာရီကျော်မောင်းနှင်လျှင် ပအိုဝ်းကျေးရွာတစ်ရွာဖြစ်တဲ့ နန်းယန်းကျေးရွာမှာ နေထိုင်သော နန်းဟွမ်း ဖြစ်ပါသည်။ နန်းယန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲလှသည့် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ မောက်မယ်မြို့ အတွင်းမှကျေးရွာလေးဖြစ်သည်။ မြို့အဆင့် သတ်မှတ်ထားသည့် မောက်မယ်သည်ပင် သွားလာရခက်ခဲပြီး ဖွံ့ဖြိုးမှု နောက်ကျသည့် ဒေသတခု ဖြစ်သည့်အတွက် မောက်မယ်ထဲမှ နန်းယန်းရွာလေး၏အခြေအနေက မပြည့်စုံမှုတွေ ပြည့်နှက်နေသည်ကို အထူးပြောစရာမလိုတော့။ ထိုရွာတွင် ဆေးပေးခန်းတစ်ခုတောင် မရှိသည်အထိ ခေါင်လှသည်။ ထို့အတွက်ကြောင့် နန်းဟွမ်းက ဗိုက်ထဲကသူ၏ကလေးများအား သူ့နည်းသူ့ဟန်ဖြင့် လူ့လောကထဲသို့ ရောက်အောင် မွေးရသည်။ “ဗိုက်အောင့်လာရင် တောထဲကို သွားတယ်။ သူများမမြင်နိုင်တဲ့ နေရာရောက်ရင် ထိုင်ပြီးမွေးလိုက်တယ်။ ကလေး ထွက်လာရင် ထမိန်တွေကောင်းကောင်းပြန်ဝတ် ချက်ကြိုးကို မှန်နဲ့ပဲဖြတ်လိုက်တယ်။ ပြီးတာနဲ့ ကလေးကို အဝတ်နဲ့ ထုတ်ပြီး တဲရှိတဲ့နေရာကို ပြန်လာတာ” ဟု နန်းဟွမ်းက ဆိုပါသည်။ သူ၏ကလေး ရှစ်ယောက်အနက်မှ အများစုကို အထက်ပါနည်းလမ်းအတိုင်း မွေးခဲ့သည်ဟုလည်း သူကဆိုသည်။ ကလေးရှစ်ယောက်မိခင်ဖြစ်သော်လည်း သူ၏အသက်က ၂၉ နှစ်မျှသာရှိသေးသည့်အတွက် အသက် ၁၈ နှစ် ဆယ်ကျော်သက် အရွယ်တွင် အိမ်ထောင်ကျပြီး တနှစ်ကလေးတယောက်နှုန်းမွေးခဲ့သည့်သဘောဖြစ်သည်။ မောက်မယ်မြို့အတွင်းမှ ဝေးလံခေါင်ဖျားသည့် ကျေးရွာများတွင် နန်းဟွမ်းကဲ့သို့သော အမျိုးသမီးငယ် အများအပြား ရှိသည်။ ကလေးမလေးများသည် အရွယ်မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ဆယ်ကျော်သက်အရွယ်တွင်ပင် ကလေးမိခင် ဖြစ်နေရခြင်းနှင့် သားဆက်ခြားအသိပညာနှင့်နည်းပညာ မရှိသဖြင့် မကြာခဏ ကိုယ်ဝန်ဆောင်နေရခြင်း တို့ကို ကြုံတွေ့နေရသည်ဟု ဒေသခံများနှင့်ကျန်းမာရေးအကူအညီပေးနေသူများကဆိုသည်။ ဆင်းရဲမွဲတေမှုနှင့် မဖွံ့ဖြိုးမှုများကြောင့် အဆိုပါပြဿနာများနှင့် ရင်ဆိုင်နေရသလို၊ အဆိုပါပြဿနာများကြောင့် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ရပြန်သည်။ သည်လိုနှင့် အခက်အခဲများအကြား ဘဝကို ရုန်းကန်ရင်း အသက်ရှင်ကြရသည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က UNFPA ( Myanmar) ရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ တနှစ်လျှင် မိန်းကလေးငယ် ငါးသောင်းခန့်သည် နန်းဟွမ်းကဲ့သို့ ဆယ်ကျော်သက်ဘဝနှင့် ကလေးမိခင်ဖြစ်နေရသည်ဟု ဆိုသည်။ ဖူးပွင့်စအရွယ်မှာ အိမ်ထောင်ကျခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေထဲက တခုကတော့ စီးပွားရေးပြဿနာနဲ့ ရင်ဆိုင်ရခြင်း ဖြစ်သည်။ နန်းဟွမ်းကလဲ အဆိုပါ ပြဿနာနှင့် ရင်ဆိုင်နေရသူတွေထဲက တယောက်ပင်။ နန်းဟွမ်း၏ မိခင်သည် သူမငယ်ငယ်ကတည်းကပင် ဆုံးသွားပြီး အစ်ကိုကလည်း တခြားရွာတွင် အိမ်ထောင်ကျပြီး ပြောင်းသွားသောကြောင့် ထိုရွာတွင် တစ်ယောက်တည်း ကျန်ရစ်ကာ ရွာတွင် နေ့စားအလုပ်သမအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသည်။

Photo: Kyi Phyu-HI

လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ရရစားစားဘဝ ဖြစ်သည့်အတွက် နေမကောင်းသည့်ရက်များတွင် သူများခြံတွင် အလုပ် မဆင်းနိုင်သဖြင့် ထမင်းမစားရသည့် ရက်များလည်းရှိသည်ဟု ကုန်းစပါးပင်ကြားက ဓနိဖြင့် အမိုး မိုးထားသော တဲအိုငယ်လေးထဲတွင် နေထိုင်သော သူမက ဆိုပါသည်။ မိုးရာသီ အလုပ်ပေါသည့်အခါမျိုးတွင် တရက် ၂၅၀၀ ခန့်ရပြီး နွေရာသီ အလုပ်ရှားပါးသည့် အချိန်မျိုးတွင်တော့ တရက် ၁၅၀၀ ခန့်သာရသည့် သူ့အတွက် ကလေးစရိတ်များက ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။ ထိုပြဿနာကို ဖြေရှင်းဖို့အတွက် မိခင်တယောက်အဖို့ အခက်ခဲဆုံး နည်းလမ်းဖြစ်သည့် ကလေးများအား မွေးစားရန် အခြားသူများကို ပေးလိုက်ရန် သူ ရွေးချယ်ခဲ့ရသည်။ “အစက ဝမ်းနည်းတယ်။ အခုတော့ ဘာမှမဖြစ်တော့ဘူး ဘာမှမခံစားရတော့ဘူး” ဟု စီးပွားရေး အဆင်မပြေခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကလေးများကို ပေးပစ်လိုက်သော အကြိမ်ရေသည်လည်း မနည်းသောကြောင့် ကျင့်သားရနေသည့်အကြောင်း သူမက ပြောသည်။ “အစ်မဆီမှာနေရင် သူတို့ ထမင်းငတ်ပြီး သေလိမ့်မယ်”ဟု သူမ ဆိုပါသည်။ ဆယ်ကျော်သက်အရွယ် အိမ်ထောင်ကျခြင်းက စီးပွားရေးပြဿနာတွင်သာမက ကျန်းမာရေးပြဿနာများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက သတိပေးထားကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ဝန်ဆောင်ခြင်းက အလိုအလျှောက် သားပျက်သားလျှောခြင်းနှင့် အသေမွေးဖွားခြင်း၊ မိခင်နှင့် ကလေးသေဆုံးမှု မြင့်မားခြင်း၊ လမစေ့မီ မွေးဖွားခြင်းနှင့် မိခင်များတွင် သွေးအားနည်း‌ခြင်း စသည့်ဆိုးကျိုးများ ရှိနိုင်ကြောင်း ၂၀၁၃ တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆယ်ကျော်သက်နှင့်ကျန်းမာရေး ပညာပေးလမ်းညွှန်က ဆိုသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ဝန်ဆောင်ကြသူ အများအပြားရှိသည့် မောက်မယ်လို ဒေသမျိုးတွင်လည်း အဆိုပါပြဿနာများ ကြုံတွေ့နေရကြောင်း မောက်မယ်မြို့ ဟိုနမ်းဒေသရှိ ကျန်းမာရေးဌာနမှ အမျိုးသမီးနှင့် ကျန်းမာရေးဆရာမ မအေးက ဆိုပါသည်။ အသက် ၁၄ နှစ်တွင် ဓမ္မတာစလာပြီး အသက် ၁၅ နှစ်တွင် အိမ်ထောင်ပြု ကလေးယူသည့် အချို့သော ဆယ်ကျော်သက်များလည်းရှိကြောင်း ၎င်းကဆိုသည်။ “အမျိုးသမီးတွေရဲ့ သားအိမ်က အဆင့်သင်မဖြစ်သေးတဲ့အတွက်ကြောင့် ကလေးမွေးဖွားတဲ့နေရာ ဆိုရင် ကလေးပေါင်မပြည့်တာ ကလေးဦးနှောက်မဖွံ့ဖြိုးတာ ဖွံ့ဖြိုးမူနောက်ကျတာတွေ လမစေ့ဘဲ မွေးဖွားတာ ၄၀ ရာခိုင်နှုန်း လောက်ရှိတယ်။ ကိုယ်အင်္ဂါမစုံ မွေးဖွားလာတွေရှိတယ် နည်းတယ်” ဟု ၎င်းကဆိုသည်။

နန်းယန်းကျေးရွာရှိ ပအိုဝ်းအမျိုးသမီးတစ်ဦး အိမ်မှ ခြံသို့ သွားနေပုံ/ Photo: Kyi Phyu-HI

လမ်းပန်းဆက်သွယ်ရေး စီးပွားရေး စသည့် အဘက်ဘက်မှ ဖွံ့ဖြိုးမှု နောက်ကျသောကြောင်း ထိုကျေးရွာတစ်ဝိုက်ရှိ အမျိုးသမီးအများစုသည် ပညာရေးကို ၄ တန်းထိသာ တက်ရောက်ပြီး မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်ကာ ခြံအလုပ်လုပ်ရင် အသက်ငယ်ငယ်ရွယ်နဲ့ အိမ်ထောင်ပြုကြသည်ဟု ဒေသခံများက ဆိုသည်။ ဟိုနမ်းဒေသရှိ ကျေးရွာများတွင် ကျန်းမာရေးဌာနက သားဆက်ခြားကျန်းမာရေး ပညာပေးများ လုပ်နေသော်လည်း လိုက်နာမှု နည်းပါးကြောင်း၊ သို့သော် ယခင်ကာလများထက်တော့ တိုးတက်လာကြောင်း ကျန်းမာရေးဆရာမ မအေးက ဆိုပါသည်။ ဖွံ့ဖြိုးမှုအားနည်းသည့် အဆိုပါဒေသတွင် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု ကော်မတီဖွဲ့ပြီး မိခင်နှင့်ကလေးပြဿနာများကို ဖြေရှင်းရန်ကြိုးစားနေကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ကဆိုသည်။ ၎င်းတို့ကို ကျန်းမာရေးဆိုင်ရာသင်တန်းနှင့် အရေးပေါ် လွှဲပြောင်းနိုင်မည့် နည်းလမ်းနှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန် ထောက်ပံ့မှုရန်ပုံငွေ(Seedling Fund) ကိုလည်း တည်ထောင်ထားသည် ဟုဆိုသည်။ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့အစည်းမှ နန်းယန်းကျေးရွာ ကော်မတီသွားဖွဲ့သည့်အချိန်တွင် အမျိုးသမီးတွေကို ပိုမိုပါဝင်စေချင်သော်လည်း အမျိုးသမီးအများစုသည် ပါဝင်ဖို့ ကြောက်ရွံ့နေကြသလို မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိကြဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့မှ လူထုစွမ်းရည်မြှင့်တင်ရေး တာဝန်ခံ နန်းချမ်းချမ်းက ပြောသည်။ အချို့အိမ်ထောင်ဘက် လင်ယောက်ျားက ခွင့်မပြုသောကြောင့် မိခင်နှင့်ကလေးဆိုင်ရာ သင်တန်းပေးသည့်အချိန်တွင် အမျိုးသမီးများ ကိုယ်တိုင်မပါဝင်နိုင်ခြင်း၊ ကြုံတွေ့လာသော ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို မဖော်ထုတ်နိုင်သည့် အခြေအနေများလည်းရှိကြောင်း သူက ဆိုသည်။ “ကျေးလက်ကျန်းမာရေးဆေးပေးခန်းရှိဖို့ လိုအပ်လို အခြေခံကျန်းမာရေး အသိပညာပေး လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ရှိဖို့အပ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေရင် မိခင်နှင့် ကလေးကျန်းမာရေး သေနှုန်းကို လျော့ကျနိုင်သည့် နည်းလမ်းထဲက တစ်ခုဖြစ်တယ် ဖုန်းလိုင်းဆက်သွယ်ရေးကလည်း အလွန်အရေးပါတယ်။ အရေးပေါ် အခြေအနေမှာ ဖုန်းလိုင်းဖြင့် အဆက်အသွယ်လုပ်နိုင်ခြင်းအားဖြင့် လူနာတွေကို အချိန်မီကယ်တင်နိုင်မယ်” ဟု ပအိုဝ်းအမျိုးသမီးမဂ္ဂအဖွဲ့က နန်းချမ်းချမ်းက ပြောသည်။ ကြည်ဖြူ hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
7 months Ago
Up