ဆယ်ကျော်သက်မိန်းကလေး

December 6, 2018

စပိန်တွင် ဆယ်ကျော်သက်မိန်းကလေးကို လိင်ပိုင်းနှောင့်ယှက်မှုဖြင့် အမျိုးသား ၅ ဦးအား ထောင် ၉ နှစ်ချ

စပိန်နိုင်ငံ ပမ်ပလိုနာမြို့က စန်ဖာမင်းပွဲတော်အတွင်း အမျိုးသား ၅ ဦးက အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်အမှုဟာ လိင်ပိုင်းနှောင့်ယှက်မှုသာဖြစ်ပြီး အဓမ္မပြုကျင့်မှု မမြောက်ကြောင်း စပိန် ဒေသန္တရ တရားရုံးက ဒီဇင်ဘာ ၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။ "The Wolf Pack" လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အမျိုးသား ၅ ဦးကို ထောင်ဒဏ် ၉ နှစ်စီ ပြစ်ဒဏ်စီရင်ကြောင်း နာဗာရာတရားရုံးက အတည်ပြုပါတယ်။ အစိုးရရှေ့နေက သူတို့ကို ထောင်ဒဏ် နှစ် ၂၀ ကျော် ပြစ်ဒဏ်ချဖို့ ကနဦးက တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် ဓားနဲ့ခြိမ်းခြောက်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေလို အကြမ်းဖက်မှုအတွက် သက်သေလိုအပ်ခဲ့ပါတယ်။ အမျိုးသား ၅ ဦးအုပ်စုဟာ လူနေအိမ်ရဲ့ တံခါးအဝင်လမ်းမှာ အမျိုးသမီးကို နှောင့်ယှက်ခဲ့ပြီး သူတို့လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒါကြောင့် တိုက်ခိုက်မှုကို တရားရုံးက သဘောတူပေမယ့် စပိန်ဥပဒေအရ မုဒိမ်းမှုကျူးလွန်ခဲ့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှုဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်တဲ့ #MeToo လုပ်နေချိန်မှာ ဖြစ်ခဲ့လို့ နိုင်ငံတကာက အာရုံစိုက်ခဲ့တာပါ။ ပွဲတော်အတွင်း အမျိုးသမီးတွေကို လိင်ပိုင်းနှောင့်ယှက်မှုနဲ့ မဖွယ်မရာ ပြုမှုတွေကို ထင်သာမြင်သာ ဖြစ်စေခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို စပိန်တလွှား ပမ်ပလိုနာမြို့နဲ့ တခြားမြို့တွေမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။ ပြစ်မှုကျူးလွန်သူ ၅ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးနဲ့ စစ်သားဟောင်းတဦးလည်း ပါပါတယ်။ သူတို့ကို အာမခံအဖြစ် ယူရိုငွေ ၆ ထောင်စီနဲ့ ဇွန်လမှာ လွှတ်ပေးခဲ့လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အလားတူအမှုတွေကို တုံ့ပြန်ရေး တရားရေးစနစ်ကို ပြန်သုံးသပ်ဖို့ နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်တကြီး တိုက်တွန်းခဲ့ကြပါတယ်။
3 years Ago

February 6, 2017

တရုတ်တွင် ဒန်းစီးစဉ် လွင့်ကျခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်းက ချုံချင်း (Chongqing) မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အပျော်စီးဒန်းတခုစီးရင်း လွင့်ကျခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ မနေ့က သေဆုံးသွားခဲ့ပါတယ်။ ဖန်ဒူး (Fengdu) မြို့နယ်ရဲ့ ကလေးကစားကွင်းတခုမှာ ဖြစ်ပွားခဲ့ပြီး ကနဦး စစ်ဆေးမှုတွေအရကတော့ ဒန်းစီးတဲ့လူတွေ လွင့်ထွက်မသွားအောင် ချုပ်ထားတဲ့ ဘားတန်းက ချောင်ပြီး ကျွတ်ထွက်သွားခဲ့ကာ ခုံခါးပတ်ကြိုးပြတ်ပြီး လွင့်ထွက်သွားခဲ့တာပါ။ မိန်းကလေးဟာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး ဒန်းကနေ လွင့်ထွက်မသွားခင် ဒန်းမှာ ၂ ပတ်လောက် ချိတ်နေခဲ့တာပါ။ မိသားစုမှာ တဦးတည်းသောကလေးဖြစ်လို့ မိဘတွေက လျော်ကြေးတောင်းခဲ့ပြီး ကလေးသေဆုံးခဲ့မှုအတွက် ကလေးကစားကွင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၂၇၀၀၀ လျော်ကြေးပေးဖို့ သဘောတူတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ အဲ့ဒီမတော်တဆမှုဖြစ်ခဲ့အပြီး ချုံချင်းမြို့မှာရှိတဲ့ ကလေးကစားကွင်းအားလုံးကို မြို့အာဏာပိုင်တွေက ပိတ်ခိုင်းခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။ ကလေးကစားကွင်းတွေမှာရှိတဲ့ အဲဒီလိုဒန်းတွေ အားလုံးကို ဆက်အသုံးမပြုကြတော့ဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
4 years Ago
Up