ဆယ်ကျော်သက်စွန့်စားမှု

January 22, 2019

ဆယ်ကျော်သက်စွန့်စားမှု ဟောလိဝုဒ်ရုပ်ရှင် - The Kid Who Would Be King (နမူနာ)

ဆယ်ကျော်သက်စွန့်စားမှု ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင် - The Kid Who Would Be King ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Joe Cornish က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Alex Elliott ဟာ သာမန် ဆယ်ကျော်သက် ကျောင်းသားလေးတယောက်အဖြစ် ပုံမှန် ဖြတ်သန်းနေသူ တယောက်ပါ။ ဒါပေမယ့် တနေ့မှာတော့ King Arthur ရဲ့ နာမည်ကျော် Excalibur ဓားကို ရခဲ့ချိန်မှာတော့ သူ့ရဲ့ ဖြတ်သန်းနေထိုင်မှုဟာ ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။ ကောင်လေး Alex နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ ကမ္ဘာကို ကြီးစိုးဖို့ ကြံစည်နေတဲ့ ဗီလိန် စုန်းမ Morgana နဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ Morgana ရဲ့ ရန်သူ စုန်းအိုကြီး MerLin ကရော ဒီအခြေအနေထဲမှာ ဘယ်လိုပါဝင်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ စွန့်စား တိုက်ခိုက်မှုတွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီကားထဲမှာ ဗြိတိန် ကလေးသရုပ်ဆောင်မင်းသား Louis Ashbourne Serkis, ဆွီဒင်သရုပ်ဆောင် မင်းသမီး Rebecca Ferguson နဲ့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားကြီး Patrick Stewart တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ ကလေးတွေအတွက် မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.8 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
3 years Ago
Up