ဆယ်လ်မန်ခန်း

June 4, 2019

ဘောလိဝုဒ်စတား ဆယ်လ်မန်ခန်း ခေါင်းဆောင်ပါဝင်သည့် ရုပ်ရှင် - Bharat (နမူနာ)

ဘောလိဝုဒ်စတား ဆယ်လ်မန်ခန်း (Salman Khan) ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bharat ရုပ်ရှင်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Reel Life Productions၊ Salman Khan Films နဲ့ T-Series တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်ဒါရိုက်တာ Ali Abbas Zafar က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ဒီကားဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်ကားတကားဖြစ်တဲ့ Ode to My Father ရုပ်ရှင်ကားကို ပြန်လည်ပုံဖော် ရိုက်ကူးထားခဲ့တာပါ။ မူရင်း ကိုရီးယားရုပ်ရှင်ကားထဲမှာတော့ မြောက်ကိုရီးယား စစ်ပွဲကာလအတွင်းမှာ မိသားစုတွေ ကွဲကွာသွားခဲ့ရပြီး မိသားစုအတွက် သူ့ဘဝတလျှောက်လုံး စွန့်လွှတ် အနစ်နာခံ ပေးဆပ်သွားတဲ့ လူငယ်တယောက်အကြောင်း ရိုက်ကူးထားတာပါ။ ခု ဘောလိဝုဒ်ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတဲ့ Bharat ရုပ်ရှင်ကားထဲမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ စတင်ပြိုကွဲခဲ့ချိန်ကစပြီး အိန္ဒိယနိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ ဘဝအခြေအတွေနဲ့ ရိုက်ကူးထားခဲ့တာမို့ ပရိသတ်တွေ ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၅၅ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ဘောလိဝုဒ် နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Salman Khan၊ Katrina Kaif တို့နဲ့အတူ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ အစပိုင်းတုန်းကတော့ ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra ခေါင်းဆောင်ပါဝင်မယ်လို့ ကြေညာထားခဲ့ပေမယ့် သူ့ရဲ့ မင်္ဂလာပွဲကိစ္စကြောင့် မပါဝင်နိုင်ဘဲ သူ့နေရာမှာ Katrina Kaif က ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်သီချင်း ၉ ပုဒ်ထိ ထည့်သွင်းထားပါတယ်။ မူရင်း ကိုရီးယားရုပ်ရှင်ကား Ode to My Father ဟာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ပြီး အောင်မြင်ခဲ့တာမို့ ခုထွက်ရှိလာတဲ့ ဘောလိဝုဒ်ရုပ်ရှင် Bharat ကရော စံချိန်တင်နိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
2 years Ago

June 5, 2018

ဘောလိဝုဒ်စတား ဆယ်လ်မန်ခန်း ပါဝင်သည့် ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေနဲ့ Race 3 ရုပ်ရှင် (နမူနာ)

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ မင်းသား ဆယ်လ်မန်ခန်း ခေါင်းဆောင်ပါဝင်ထားတဲ့ ဘောလိဝုဒ်ရုပ်ရှင် Race 3 ကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသား ဆယ်လ်မန်ခန်းနဲ့အတူ မင်းသား အနီလ်ကပူးရ်၊ မင်းသမီး ဂျက်ကလင်း ဖာန်ဒက်ဇ်တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဟင်ဒီစကားပြော ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ရေမိုဒီဆူဇာက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ လူဆိုးတွေ နှောင့်ယှက်ခံရတဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်တဦးအကြောင်းကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ Race ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ တတိယမြောက် ထွက်ရှိလာတာ ဖြစ်ပါတယ်။ ပထမဆုံးကားကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Race 2 ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပါတယ်။ Salman Khan Films နဲ့ Tips Films တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ ကြာမြင့်ချိန် မိနစ် ၁၂၀ ရှိပြီး လာမယ့် ဇွန်လ ၁၅ ရက်နေ့​ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
3 years Ago
Up