ဆယ်လ်တာဗီဂိုနှင့် ၂ ဂိုးစီသရေကျပြီး ရီးရဲလ် စပိန်ဘုရင့်ဖလားမှ ထွက်

January 26, 2017

ဆယ်လ်တာဗီဂိုနှင့် ၂ ဂိုးစီသရေကျပြီး ရီးရဲလ် စပိန်ဘုရင့်ဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဇန်နဝါရီ ၂၅ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ပထမအကျော့ ရီးရဲလ်ကွင်းမှာ ကစားခဲ့တုန်းက ဆယ်လ်တာဗီဂိုက ၂  ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ ဆယ်လ်တာဗီဂို စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ရော်နယ်ဒို၊ ဘန်ဇီမာ၊ တိုနီခရူးစ်၊ အစ္စကို၊ ရာမို့စ်တို့နဲ့ ပွဲထွက်လာပြီး ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးကန်သွင်းခွင့် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၄၄ မိနစ်မှာ ရီးရဲလ်နောက်ခံလူ ဒန်နီလို ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဆယ်လ်တာဗီဂို အဖွင့်ဂိုးရသွားပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ ရော်နယ်ဒိုက ရီးရဲလ်အတွက် ချေပဂိုးသွင်းပေးခဲ့ပေမယ့် ၈၅ မိနစ်မှာ ၀တ်စ်က ဆယ်လ်တာဗီဂိုအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဗက်ဇ်ကွက်ဇ်က ရီးရဲလ်အတွက် ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပြီး တဘက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့လို့ ရီးရဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။
5 years Ago
Up