ဆမ်အလာဒိုက်

December 17, 2020

ဝက်စ်ဘရွမ်းနည်းပြသစ်အဖြစ် ဆမ်အလာဒိုက်ကို ခန့်အပ်

နည်းပြ ဆလာဗန်ဘီလစ်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ ဝက်စ်ဘရွမ်းအသင်းဟာ ဆမ်အလာဒိုက် ကို နည်းပြအသစ်အဖြစ်ခန့်အပ်လိူက်ပါတယ်။  အသက် ၅၂ နှစ်အရွယ် ဘီလစ်ဟာ အင်္ဂါနေ့မှာ မန်စီတီးလို အင်အားကြီးအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျအောင် နည်းပြပေးနိုင်ခဲ့ပေမဲ့ အသင်းဘက်က သူနဲ့လမ်းခွဲဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီရာသီပရီမီးယားလိဂ်မှ ပထမဆုံးအထုတ်ခံရတဲ့ နည်းပြ အဖြစ်မှတ်တမ်း တင်ခဲ့ပြီ ဖြစ်ပါတယ်။  ဒါ့ကြောင့်သူ့နေရာမှာ အစားထိုးဖို့ အလာဒိုက်ကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်ပြီး အသင်းနဲ့ ၁၈ လစာချုပ်ချုပ်ဆိုခဲ့ပြီလို့သိရပါတယ်။  ဝါရင့်နည်းပြ အလာဒိုက်က ဆမ်မီလီကို သူ့ရဲ့ လက်ထောက်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြဟောင်း အလာဒိုက်ဟာ ၂၀၁၈ ခုနှစ်မေလ အဲဗာတန်အသင်းကနေ အထုတ်ခံခဲ့ရပြီးချိန်ကတည်းက အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး ဝက်ဘရွမ်းဟာသူ့ရဲ့ ၈ ခု မြောက်ပရီးမီးယားလိဂ်အသင်း ဖြစ်လာခဲ့ပါတယ်။  ဒါဟာ အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ စံချိန်တင်အရေအတွက်လည်းဖြစ်ပါတယ်။  ဝက်ဘရွမ်း နည်းစနစ်ဒါရိုက်တာ လုခ်ဒေါလင်းက  “ ဆမ်ဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းကို တိုးတက်မှုတွေ ရှိလာအောင်ဆောင်ရွက်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်” လို့ ပြောပါတယ်။  “ကျနော်တို့ ဆမ်ကို ယုံကြည် ပါတယ်။ ပိုပြီးအရေးကြီးတာက ဆမ်ကိုယ်တိုင် ဝက်စ်ဘရွမ်းအသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ဖို့ လုံလောက်တဲ့ ကစားသမား အစုအဖွဲ့ ရှိနေတယ်ဆိုတာကို ယုံကြည်နေတာပဲဖြစ်ပါတယ်” လို့လည်း ဒေါလင်းက ဆက်  ပြောပါတယ်။  ဝက်စ်ဘရွမ်းအသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၁၉ မှာ ရပ်တည်နေတဲ့အသင်း ဖြစ်ပြီး ဆမ်အနေနဲ့ ဝက်ဘရွမ်းအသင်း တန်း မဆင်းရရေးအတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။  ဝက်စ်ဘရွမ်းဟာ အခုရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ပေးဂိုး ၂၆ ဂိုး အထိ ရှိပြီး ရဂိုး ၁၀ ဂိုးသာရှိပါတယ်။  အသင်းဘက်ကထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်မှာ ဝက်စ်ဘရွမ်းအသင်း တာဝန်ရှိသူ တွေက အသင်းကို တန်းတက်အောင်ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း ဘီလစ်ကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ 
4 months Ago
Up