ဆမ်ရိမ်းစီ

November 7, 2019

အိမ်ပြန်ခရီး မည်သူမျှတားဆီးနိုင်မည်မဟုတ်ဟု ကမ္ဘောဒီးယား ပြည်ပြေး ဆမ်ရိမ်းစီပြော

ပြည်သူတွေနဲ့အတူရှိဖို့ အိမ်ပြန်ခရီးကို ဘယ်လိုအားထုတ်မှုကမှ တားနိုင်မှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယား အတိုက်အခံပါတီကို တည်ထောင်သူ ပြည်ပြေး ဆမ်ရိမ်းစီက ပြောလိုက်ပါတယ်။  ဆမ်ရိမ်းစီဟာ ပြင်သစ်မြို့တော် ပါရီကနေ ကမ္ဘောဒီးယားနိုင်ငံကို နိုဝင်ဘာ ၉ ရက်နေ့ ပြန်ရောက်မယ်လို့ ပြောပါတယ်။ သူဟာ အမိနိုင်ငံကို ပြန်ရောက်ရင် ဖမ်းဆီးခံရနိုင်ပြီး သူ့ပါတီလည်း တားမြစ် ပိတ်ပင်ခံထားရသလို ပါတီဝင်တွေလည်း နှိမ်နင်းခံနေရတာပါ။ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရိမ်းစီဟာ ဝန်ကြီးချုပ် ဟွန်ဆန်ကို ရက်စက်တဲ့ အာဏာရှင်လို့ ခေါ်ပြီး တပါတီစနစ်နဲ့ ကာလကြာရှည်အုပ်ချုပ်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဦးဆောင်ဖို့ အိမ်ပြန်မယ်လို့ ကတိပြုထားပါတယ်။  ပါရီကနေ ဘန်ကောက်ကို ပျံသန်းမယ့် လေယာဉ်လက်မှတ်ရဲ့ ဓာတ်ပုံကိုလည်း ရိမ်းစီက နိုဝင်ဘာ ၆ ရက်နေ့က တွစ်တာလူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနယ်စပ်ကို ဖြတ်ပြီး ကမ္ဘောဒီးယား နိုင်ငံထဲကို သွားမယ်လို့လည်း ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ သူ့နိုင်ငံထဲကနေ ဖြတ်သွားဖို့ ခွင့်မပြုဘူးလို့ ပြောထားပါတယ်။ “တကယ်လို့ ကျနော်ဘန်ကောက်ကို မသွားနိုင်ရင် တခြားလေယာဉ်နဲ့ ကွာလာလမ်ပူ၊ ဂျကာတာ၊ စင်ကာပူသွားတဲ့ တခြားလေယာဉ်ကို စီးမယ်။ ကျနော်နဲ့အတူသွားမယ့်လူတွေ ရနိုင်တဲ့နေရာကို ကျနော်သွားမယ်။ ကျနော်တို့ဟာ တနိုင်ငံလုံးက ကမ္ဘောဒီးယား ပြည်သူတွေနဲ့ ပူးပေါင်းမယ်” လို့ ဆမ်ရိမ်းစီက ပြောပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အတိုက်အခံတွေဟာ အာဏာသိမ်းဖို့ အားပေး လှုံ့ဆော်နေတယ်လို့ စွပ်စွဲပါတယ်။ သူ့အစိုးရဟာ ဒီနှစ်ထဲမှာတင် ရိမ်းစီရဲ့ အတိုက်အခံပါတီက လူ ၄၈ ယောက်ထက် မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ဟာလည်း နိုင်ငံတော် သစ္စာဖောက်မှုစွဲချက်နဲ့ နေအိမ်အကျယ်ချုပ် ကျခံ နေရပါတယ်။  ဆမ်ရိမ်းစီကတော့ ရာဇဝတ်မှုဆိုင်ရာ အသရေ ဖျက်မှုနဲ့ စွဲချက်တင်ခံရလို့ ပြင်သစ်နိုင်ငံဆီ ထွက်ပြေးခဲ့တာ လေးနှစ်ရှိပါပြီ။  “ကျနော်က ရှေ့လျှောက် အသက်သိပ်ရှည်တော့မှာ မဟုတ်ဘူး၊ လူငယ်တွေ ပိုကောင်းတဲ့ဘဝကို ခံစားပျော်ရွှင် စေချင်တယ်။ ဒီမိုကရေစီအတွက် ကျနော့် လွတ်လပ်ခွင့်နဲ့ ဘဝကို စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်” လို့ ဆမ်ရိမ်းစီက ပြောပါတယ်။ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ မူဆိုချွာကိုလည်း ထိုင်းအစိုးရက အဝင်မခံဘဲ အရင်လက ငြင်းခဲ့ပါတယ်။ သူဟာ အင်ဒိုနီးရှားနိုင်ငံကို သွားခဲ့ရပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ကြိုးစားအပြီးမှာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက သူ့ကို ဖမ်းဖို့ တောင်းဆိုခဲ့ပါတယ်။  အဖမ်းခံရမှာ ကြောက်လို့ ကမ္ဘောဒီးယားနိုင်ငံထဲကနေ ထွက်ပြေးခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေဟာ ရိမ်းအား ထောက်ခံကြောင်းပြဖို့ ကမ္ဘောဒီးယားကို တူတူပြန်ဖို့ ကတိပြုထားကြပါတယ်ရှင်။ မလေးရှားနိုင်ငံထဲမှာ ထိန်းသိမ်းခံထားရတဲ့ ပါတီကို ထောက်ခံသူ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကလည်း အိမ်ပြန်ဖို့ ကြိုးစားနေပါတယ်။  
2 years Ago
Up