ဆမ်ဆောင်း စမတ်ဖုန်းနှင့် ပရော်ဆက်ဆာ အရောင်းကျဆင်း

January 28, 2016

ဆမ်ဆောင်း စမတ်ဖုန်းနှင့် ပရော်ဆက်ဆာ အရောင်းကျဆင်း

ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်ကစပြီး ဆမ်ဆောင်းစမတ်ဖုန်းတွေနဲ့ ပရော်ဆက်ဆာအရောင်း သိသိသာသာ ကျဆင်းလာတယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စတုတ္ထ ၃ လပတ်အတွင်း ဆမ်ဆောင်းကုမ္ပဏီရဲ့ အသားတင်အမြတ် ၄၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ကျဆင်းသွားခဲ့ပြီး လက်တလော ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုနဲ့ အိုင်တီပစ္စည်းဝယ်လိုအား သိသိသာသာ ကျဆင်းလာလို့ ဆိုပါတယ်။ အခု ၂၀၁၆ ခုနှစ်မှာ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ အသားတင်အမြတ်ကို ဆက်ထိန်းထားဖို့ မနည်းကြိုးစားရမယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း အရင်တနှစ် ၂၀၁၄ ခုနျစ်ကနဲ့စာရင် ကုမ္ပဏီရဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၅ ဘီလီယံအထိ ကျဆင်းခဲ့တာပါ။ တန်ဖိုးနည်းဖုန်းလိုင်းမှာ တရုတ်စမတ်ဖုန်းတွေဖြစ်တဲ့ ရှောင်းမီနဲ့ ဟွာဝေးဖုန်းတွေရဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ခံရပြီး အမြင့်စားဖုန်းလိုင်းမှာတော့ Apple iPhone တွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ဆမ်ဆောင်းစမတ်ဖုန်း အရောင်းကျဆင်းရတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလက ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy S6 ဟာလည်း စမတ်ဖုန်းဈေးကွက်ထဲမှာ ဖုန်းသုံးစွဲသူတွေကို ထင်သလောက် မဆွဲဆောင်နိုင်ခဲ့ဘဲ ဈေးကွက်ကို ဆက်ထိန်းထားဖို့ မနည်းကြိုးစားခဲ့ရတယ်လို့ နည်းပညာသတင်းတွေမှာ ဖော်ပြကြပါတယ်။
7 years Ago
Up