ဆမ်ဆောင်းအုပ်စု

February 18, 2017

ဆမ်ဆောင်းအုပ်စု ခေါင်းဆောင်ကို ရဲက ဖမ်းဆီး

ဆမ်ဆောင်းအုပ်စုရဲ့ ခေါင်းဆောင် ဂျေးအီးလီကို ခုလတ်တလော စွပ်စွဲခံထားရတဲ့ လာဘ်ပေးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ အစောပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလာဘ်ပေးမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတ ပတ်ဂွန်းဟေးလည်း လွှတ်တော်ကနေ စွပ်စွဲပြစ်တင်တာ ခံခဲ့ရပါတယ်။ ဆမ်ဆောင်းရဲ့ ဒုတိယဥက္ကဋ္ဌ လီကို ဆိုးလ်မြို့ ထိန်းသိမ်းရေး စင်တာမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ညနေထိ တရက်အကြာ တံခါးပိတ် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ၅ နာရီခွဲ လောက်မှာ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။ အဲဒီ တရားရုံးဟာ ပြီးခဲ့တဲ့ လက လီကိုဖမ်းဆီးဖို့ ငြင်းခဲ့ဖူးပါတယ်။ လီ နဲ့အတူ ဆမ်ဆောင်းရဲ့ ဥက္ကဋ္ဌ ပါ့ဆန်းဂျင်တို့ကို လဘ်ပေးမှုအပြင် တခြားအမှုတွေနဲ့ ဖမ်းဆီးဖို့ အထူးမှုခင်းရုံးက  တောင်းဆိုခဲ့တာပါ။ တရားရုံးက တောင်ကိုရီးယား မြင်းစီးအားကစား ဖက်ဒရေးရှင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ ပါ့ကို ဖမ်းဖို့ ငြင်းပါတယ်။ အဲဒီလို မဖမ်းဆီးတာဟာ သူ့ရဲ့ ရာထူးနေရာနဲ မပတ်သက်ဘူးလို့ တရားရုံးက ပြောပါတယ်။ အထူးမှုခင်းရုံးက လီကို ဖမ်းဖို့ နောက်ဆုံးထုတ်တဲ့ ဝရမ်းမှာ နောက်ထပ် သက်သေခံတွေ ရထားပြီး တခြားအမှုတွေလည်း ထပ်ဖွင့်ထားတယ်လို့ ပြောပါတယ်။ ဆမ်ဆောင်းနဲ့ လီ ကတော့ သူတို့ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ မစ္စတာလီ အဖမ်းခံရလို့ နိုင်ငံတွင်းအကြီးဆုံး လုပ်ငန်းစုံ ကော်ပရေးရှင်းကြီးရဲ့ နေ့စဉ် ကုန်ထုတ်လုပ်မှုများကို လျော့နည်း ရပ်တန့်သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ရေရှည်စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာတော့ ထိခိုက်မှုရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ မစ္စတာလီ ရဲ့ အဖေ လီကွန်ဟီးဟာ နှလုံးရောဂါနဲ့ အနားယူပြီး လုပ်ငန်းတွေကို မစ္စတာလီက ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ အာရှ စတုတ္ထမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံရဲ့ အဓိကဦးဆောင်သူ ဆမ်ဆောင်းဟာ ပြန်လည်ပုံစံ ချတည်ဆောက်မှုတွေ လုပ်ခဲ့ပါတယ်။ ဆမ်ဆောင်းဟာ မှတ်ဉာဏ်သိုလှောင်ပြား မမ်မိုရီချပ်စ်တွေနဲ့ ဖလက်တီဗွီတွေကို ကမ္ဘာမှာ အများဆုံးထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
4 years Ago
Up