ဆန်လှူဒါန်း

July 27, 2020

ရေကြည်မြို့နယ်က ရွာသား ၁၀၀၀ ကျော်အတွက် ချင်းကုန်းဆရာတော် ဆန်လှူဒါန်း

ဧရာတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကျေးရွာအုပ်စု ၃ စုက ဒေသခံ ပြည်သူ ၁၀၀၀ ကျော်အတွက် စားဝတ်နေရေး အဆင်ပြေစေဖို့ ချင်းကုန်းကျေးရွာ ဆရာတော်က ဇူလိုင် ၂၆ ရက်မှာ ဆန်တွေ ပေးဝေ လှူဒါန်းပါတယ်။ ရေကြည်မြို့နယ်အတွင်းက ရေသိုးကျေးရွာအုပ်စု၊ ကန်ချောင်းကျေးရွာအုပ်စုနဲ့ တွတ်ပလွတ်ကျေးရွာအုပ်စုက ဒေသခံရွာသူရွာသားတွေအတွက် ချင်းကုန်းကျေးရွာ ဆရာတော် အဂ္ဂမဟာမဟာ ဇောတိကဓဇ ဘဒ္ဒန္တကောသလ္လက ဆန်အိတ် ၃၇၀ ကို စားဝတ်နေရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဆရာတော်က "ဒကာ ဒကာမတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေတော့ ဒီအခက်အခဲတွေကို ပြေလည်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သိန်း ၁၀၀ ကျော်ဖိုး လှူဒါန်းပေးဖြစ်တာပါ။ အဓိက ဒီက ရွာသူရွာသားတွေက ဆန်ရှိရင် စားဝတ်နေရေး အဆင်ပြေတော့ ဆန်ကို ဦးစားပေးလှူဒါန်း ပေးဖြစ်ခဲ့တာပါ" လို့ မိန့်ပါတယ်။ ကျေးရွာအုပ်စု ၃ စုက လူဦးရေ ၁၀၀၀ ကျော်အတွက် အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်အနည်းဆုံးပေးဝေသွားတာဟာ ပထမဆုံးအကြိမ်ဆန်လှူဒါန်းတာဖြစ်ပြီး နောက်ထပ်လည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဒီရောဂါဖြစ်ပွားပြီးနောက်ပိုင်း အသွားအလာတွေကလည်း အဆင်မပြေ အလုပ်အကိုင်တွေ ကလည်းမရှိတော့ စားဝတ်နေရေးတွေ အခက်အခဲရှိလာသလို ကျေးရွာထဲက ကလေးငယ်တွေ ကိုတော့ ချင်းကုန်းဆရာတော်ကခေါ်ယူကျေးမွေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေသိုးကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာနေ ဒေါ်ခင်အုန်းမြင့်က"ဘုန်းဘုန်းကြီးဝေတဲ့ ဆန်တွေက ၁ အိတ်ကို ၃ ဦးမျှပေးတာ၊ ဒေါ်လေးတို့က ဆန်ရှိရင် စားလို့ ရတယ်။ ခြံထဲစိုက်ထားတဲ့ သီးနှံလေးတွေက ရောင်းမရတော့ အဲ့တာလေးတွေနဲ့ စားသောက်ရင် အဆင်ပြေပါတယ်။ စားဝတ်နေရေးအခက်အခဲ ဖြစ်နေချိန်မှာ ခုလို လှူပေးလို့ ဝမ်းသာပါ တယ်"လို့ ပြောပါတယ်။ ချင်းကုန်းကျေးရွာ ဆရာတော်ဟာ သက်တော် ၇၇ နှစ်ရှိပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေသလို မိဘမဲ့ကလေး ၁၀၀ ကျော်ကို စောင့်ရှောက်၊ စာသင်ပေးတာတွေလည်း ပြုလုပ်ပေးနေပါတယ်။ သတင်း -မင်းထက်မုန်း (ပုသိမ်)
10 months Ago

February 14, 2020

မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ဆန်တန်ချိန် ၂၀၀ လှူဒါန်းရန် စီစဉ်နေ

မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ လှူဒါန်းသွားဖို့ကိစ္စ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာန  သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ ဒီကနေ့မနက် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တရုတ်သမ္မတ ဦးဆောင်ပြီး တရုတ်ပြည်သူတွေရဲ့ စည်းလုံးညီညွတ်စွာမှု ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းနေတဲ့အပါ် ချီးကျူးကြောင်း၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားတွေ ပြန်ခေါ်ရာမှာ တရုတ်အစိုးရရဲ့ ပူးပေါင်းကူညီ ပံ့ပိုးမှုအတွက်ကျေးဇူးတင်ရှိကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရချိန် နှစ်နိုင်ငံအကြား တည်ထောင်ထားတဲ့ အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အခြေခံကာ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀ ကို တရုတ်နိုင်ငံသို့ လှူဒါန်းသွားဖို့ စီစဉ်ဆောင်ရွက်နေတဲ့  အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ၊ မြန်မာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
1 year Ago
Up