ပရီးမီးယားတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၈ ဦးစာရင်းမှာ မန်ယူ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ လီဗာပူးတိုက်စစ်မှူးမာနေး တို့ ချန်လှပ်ခံခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ၁၈ ဂိုးသွင်းယူနိုင်ခဲ့သလို မာနေးဟာလည်း လီဗာပူးအတွက် ၁၅ ဂိုး သွင်းထားပေမယ့် ဆန်ကာတင် ၈ ဦးစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့တာပါ။
ရွေးချယ်ခံရတဲ့ ဆန်ကာတင် ၈ ဦးစာရင်းမှာ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနဲ့ နောက်ခံလူ ဂျာအိုကန်ဆယ်လို၊ လီဗာပူး တိုက်စစ်မှူး မိုဆာလက်နဲ့ နောက်ခံလူ အာနိုးလ်တို့ပါဝင်ပါတယ်။
ဒါ့အပြင် အာဆင်နယ်တောင်ပံကစားသမား ဘူကာရိုဆာကာ၊ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်၊ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်စ်ပရောက်နဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူး ဂျရော့ဘိုဝင်တို့လည်း ပါဝင်ခဲ့ပါတယ်။
မဲပေးရွေးချယ်မှုတွေကို လာမယ့်တနင်္လာနေ့အထိ ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုက်မှာ ပရိသတ်တွေ ကိုယ်တိုင်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်အသင်း ၂ဝ ရဲ့ အသင်းခေါင်းဆောင်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ မဲပေးရွေးချယ်မှုတွေနဲ့ ပေါင်းစပ်ရွေးချယ်သွားမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကို မေ ၁၃ ရက်က ထုတ်ပြန်ခဲ့ရာမှာ အင်္ဂလန်ကစားသမား ၈ ဦးကိုပဲ ရွေးချယ်ခဲ့ပါတယ်။
အသက် ၂၃ နှစ်နဲ့ အောက်က ကစားသမားတွေကိုသာ ရွေးချယ်တာဖြစ်ပြီး ဆန်ကာတင်စာရင်းမှာ တခြားနိုင်ငံက ကစားသမားတွေမပါဝင်ခဲ့ဘဲ အင်္ဂလန်လူငယ် ၈ ဦးကိုပဲ ရွေးချယ်ခဲ့တာပါ။
အဲဒီ ၈ ဦးစာရင်းမှာ မန်စီးတီးတိုက်စစ်မှူး ဖိုဒန်နဲ့ လီဗာပူးနောက်ခံလူ အာနိုးလ်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တောင်ပံကစားသမား ဆာကာနဲ့ ဂိုးသမား အာရွန်ရမ်စ်ဒေး၊ ခရစ္စတယ်ပဲလေ့ ကွင်းလယ်လူ ဂေါ်လဂါနဲ့ နောက်ခံလူ မစ်ချယ်၊ ချဲလ်ဆီးကွင်းလယ်လူ မေဆန် မောင့်နဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်တို့ ပါဝင်ပါတယ်။
ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အင်္ဂလန်လူငယ်တွေဟာ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းပြခဲ့ကြပေမယ့် ချဲလ်ဆီးတိုက်စစ်မှူး ခိုင်ဟာဗက်ဇ် နဲ့ အာဆင်နယ်တောင်ပံကစားသမား မာတင်နယ်လီလို လူငယ်တွေကိုတော့ ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။
မဲပေးရွေးချယ်မှုကို ပရိသတ်တွေကိုယ်တိုင်လည်း ပရီးမီးယားလိဂ် တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်မဲပေးရွေးချယ်နိုင်ပါတယ်။