ဆန်းချက်ဇ်၏ သွင်းဂိုး ၂ ဂိုးဖြင့် အာဆင်နယ်က ဆန်းဒါးလန်းကို အနိုင်ယူ

May 17, 2017

ဆန်းချက်ဇ်၏ သွင်းဂိုး ၂ ဂိုးဖြင့် အာဆင်နယ်က ဆန်းဒါးလန်းကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ဆန်းဒါးလန်းတို့ မေလ ၁၆ ရက်က ယှဉ်ပြိုင်ရာ အာဆင်နယ်က တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် အမှတ်ပေးဇယားမှာ ထိပ်ဆုံးလေးသင်းထဲဝင်ရေး ကြိုးစားနေတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆန်းဒါးလန်းဂိုးသမားက အာဆင်နယ် တိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းချက်တချို့ကို ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း အာဆင်နယ် အလွယ်တကူ ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇၂ မိနစ်နဲ့ ၈၁ မိနစ်တို့မှာ တိုက်စစ်မှူး ဆန်းချက်ဇ် တဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအပြီးမှာ အာဆင်နယ်က ရမှတ် ၇၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ဆက်လက် ရပ်တည်နေပြီး ဆန်းဒါးလန်းကတော့ ၂၄ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရှိနေလို့ လာမယ့်ရာသီမှာ ချန်ပီယံရှစ်ကို တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။ ရာသီအပိတ် နောက်ဆုံးပွဲစဉ်အဖြစ် အာဆင်နယ်က အိမ်ကွင်းမှာ အဲဗာတန်နဲ့၊ ဆန်းဒါးလန်းက အဝေးကွင်းမှာ ချဲလ်ဆီးနဲ့ လာမယ့် မေလ ၂၁ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
4 years Ago
Up