ဆန္ဒပြသူ ၂ ဦး သေဆုံး

July 27, 2021

မန္တလေး မြတောင်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ၊ ဆန္ဒပြသူ ၂ ဦး ကျည်ထိမှန်သေဆုံး

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး အရှေ့မုခ်အနီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့တဲ့ မြတောင်သပိတ်စစ်ကြောင်းကို ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေက ပစ်ခတ်ဖြိုခွင်းတာကြောင့် ဆန္ဒပြသူ  ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် ကျည်ထိတယ်။ အဆက်အသွယ်မရတဲ့သူတွေလည်းရှိတယ်” လို့ စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဒီလို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိပြီး အကုန်လုံး ထွက်ပြေးခဲ့ကြတာကြောင့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းဆီးမှုကြောင့် ပြေးရင်းလွှားရင်း ဆိုင်ကယ်မှောက်သူလည်း ရှိတယ်လို့ သိရပါတယ်။

မြတောင်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ က မဟာမုနိဘုရားကြီး ပုရဝုဏ်အတွင်းကနေ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

မြတောင်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ဆက်မပြတ် ဆန္ဒပြနေတဲ့ မန္တလေးမြို့က စစ်ကြောင်း တစ်ခုဖြစ်ပါတယ်။

4 months Ago
Up