အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်နဲ့ ဘတ်စ်ရာမြို့တွေမှာ ဇန်နဝါရီ ၂၀ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ရာက ဆန္ဒပြသူ ၂ ယောက်နဲ့ ရဲအရာရှိ ၂ ယောက် သေဆုံးတယ်လို့ ဆေးဘက်နဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မတည်ငြိမ်မှုတွေ သီတင်းပတ်ချီ ငြိမ်နေရာက ပြန်စလာခဲ့အပြီးမှာ အခုလို ဖြစ်တာပါ။
ဘဂ္ဂဒက်မြို့တော် တာယာရန်ရင်ပြင်မှာ လုံခြုံရေးတပ်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ကျည်အစစ်တွေနဲ့ ပစ်ခတ်အပြီး ဆန္ဒပြသူ ၂ ယောက် သေဆုံးတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆန္ဒပြသူတယောက်ရဲ့ ခေါင်းကို ကျည်ထိသေဆုံးပြီး ဒုတိယတယောက်ကတော့ မျက်ရည်ယိုဗုံး ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဘတ်စ်ရာ ရေနံမြို့မှာတော့ ဆန္ဒပြပွဲအတွင်း အရပ်သား တယောက်ရဲ့ ကားနဲ့ တိုက်မိလို့ ရဲ ၂ ယောက် သေဆုံးတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့နေရာကို ရှောင်မောင်းရင်း ရဲအရာရှိ ၂ ယောက်ကို ကားနဲ့ တိုက်မိတာလို့ သူတို့က ပြောပါတယ်။
အီရတ်တောင်ပိုင်းက မြို့အတော်များများမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ကားတာယာတွေကို မီးရှို့ပြီး အဓိက လမ်းမတွေကို ပိတ်ဆို့ထားကြပါတယ်။
ဝန်ကြီးချုပ်ဟာ အီရတ်ပြည်သူတွေ လက်ခံနိုင်တဲ့ အစိုးရသစ်ကို ဖွဲ့စည်းပေးဖို့ အပါအဝင် ကတိတွေကို မဖြည့်ဆည်းပေးခဲ့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
တောင်ပိုင်းမြို့တွေနဲ့ မြို့တော်ကို ဆက်ထားတဲ့ ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်လို့ မျက်မြင်သက်သေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
တောင်ပိုင်းရေနံမြေတွေက ထုတ်လုပ်မှုကတော့ ဆန္ဒပြပွဲတွေကြောင့် အနှောင့်အယှက် မဖြစ်ခဲ့ဘူးလို့ ရေနံအရာရှိတွေက ပြောပါတယ်။
၂၀၁၉ အောက်တိုဘာ ၁ ရက်မှာ စတင်ခဲ့တဲ့ အီရတ် ဆန္ဒပြပွဲတွေအတွင်း လူအယောက် ၄၅၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
1 year Ago