ဆန္ဒပြသူများ စီးနင်း

July 8, 2020

ဆားဘီးယားနိုင်ငံ လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူများ စီးနင်း

ဆားဘီးယားနိုင်ငံ မြို့တော် ဘယ်လ်ဂရိတ်က လွှတ်တော် အဆောက်အအုံထဲကို အတိုက်အခံ ဆန္ဒပြသူတွေက ဇူလိုင် ၇ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဟန့်တားရေး သီတင်းပတ်ကုန်ရက်က မြို့တော်ကို အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းချဖို့ စီစဉ်ထားတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပြီး ခုလို ဝင်စီးခဲ့ကြတာပါ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူအရေအတွက် တိုးလာလို့ မြို့တော်ကို လော့ဒေါင်းချတာ အပါအဝင် ပိုတင်းကြပ်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်မယ်လို့ ဆားဘီးယား သမ္မတ အလက်ဇန်းဒါး ဗူစီက ဇူလိုင် ၇ ရက်က ပြောခဲ့ပါတယ်။ အတိုက်အခံတွေက အစိုးရအပေါ် ပြစ်တင်ခဲ့ကြပြီး ပြည်သူတွေဟာ နောက်တကြိမ် လော့ဒေါင်းအတွက် ကုန်ကျစရိတ်တွေကို မကျခံသင့်ဘူးလို့ ပြောပါတယ်။ သမ္မတရဲ့ ကြေညာချက်ထွက်အပြီး လူထောင်ပေါင်းများစွာဟာ ဘယ်လ်ဂရိတ် မြို့လယ်ရင်ပြင်က လွှတ်တော်ရှေ့မှာ စတင်ဆန္ဒပြခဲ့ကြပြီး ညဆယ်နာရီလောက်မှာ ဆန္ဒပြ လူအုပ်စုတစုက တံခါးကို ချိုးဖျက်ပြီး လွှတ်တော်အဆောက်အအုံထဲ ဝင်ခဲ့ကြတာပါ။ သမ္မတဗူစီ ရာထူးက နုတ်ထွက်ရေး အော်ဟစ်တောင်းကြတဲ့ ဆန္ဒပြလူအုပ်စုကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လွှတ်တော်အဆောက်အအုံကနေ မောင်းထုတ်ခဲ့ပြီး ရဲအင်အားကိုလည်း ဖြည့်တင်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံမှာ ဇွန် ၂၁ ရက် ရွေးကောက်ပွဲ အောင်ပွဲကို အခန်းငယ်ထဲ နှာခေါင်းစည်း မပါဘဲ ကျင်းပခဲ့ပြီးတဲ့ သမ္မတရဲ့ အကြံပေး အပါအဝင် ပါတီရဲ့ ထိပ်တန်းအရာရှိတွေ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ အတိုက်အခံ ပါတီတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး သမ္မတ ဗူစီဟာ သက်ဦးဆံပိုင် အုပ်ချုပ်မှုပုံစံကို အားဖြည့်ရေးအတွက် လော့ဒေါင်း သတ်မှတ်ချက်ကို အသုံးချနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
10 months Ago
Up