မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ မန္တလေးသပိတ်အင်အားစုခေါင်းဆောင် ကိုကျော်သီဟကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၁၆ ရက် ဒီညနေပိုင်းက ဖမ်းဆီးသွားပါတယ်။
မန္တလေးသပိတ်အင်အားစုက သပိတ်ခေါင်းဆောင် ကိုကျော်သီဟ ဖမ်းဆီးခံရပြီးနောက် သူနဲ့ ပတ်သက်ဆက်စပ်တဲ့ နေအိမ်တချို့ကိုလည်း ဝင်ရောက်စီးနင်းတာရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုမှာ ပါဝင်သူ တစ်ဦးက ပြောပါ တယ်။
“ကျော်သီဟ ဖမ်းခံရတာတော့ဟုတ်တယ်။ သူဖမ်းခံပြီး တခြား သပိတ်ခေါင်းဆောင်တွေ နေအိမ်တွေ ဝင်စီးခံရတယ်ပြောတယ်။”
ကိုကျော်သီဟကို ၇၃ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြားမှာ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်ကို တွန်းလှဲ ထိုးကြိတ်ပြီး အိမ်စီးကားနဲ့ ဖမ်းသွားတာလို့ သိရပါတယ်။
DVB
တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်တွေ နေတဲ့အိမ်ကို မတ် ၁၈ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး သပိတ်ခေါင်းဆောင် ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြ ကျောင်းသားတဦးက ပြောပါတယ်။
“သပိတ်ခေါင်းဆောင် ၂ ဦး မိသွားတယ်။ ကိုအောင်ဝေယံကျော်နဲ့ ကိုတူး။ သူတို့က ၃ ထပ်တိုက်မှာနေကြတာ။ အဲတိုက်ကို လာဝိုင်းတာ၊ သူတို့တွေတင်မဟုတ်ဘူး။ သပိတ်မှာမပါတဲ့သူတွေပါ အားလုံး ၁၀ ယောက်ကို ဝင်ဖမ်းသွားတာ။” လို့ ပြောပါတယ်။
အကြမ်းဖက်ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ အချို့သူတွေ လွတ်မြောက်ခဲ့ကြတာရှိပေမယ့် ဘေးအိမ်တွေမှာ ပုန်းနေတဲ့သူတွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းသွားသူတွေကို ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ ဒီနေ့မနက် ၁၁ နာရီမှာ ကြက်စားပြင်သပိတ်စစ်ကြောင်းနဲ့ ဝဲကျွန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးနေတာ အခု သပိတ်ခေါင်းဆောင် ၂ ဦးအပါအဝင် ၂၈ ယောက်ရှိသွားပြီလို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်ရဲနဲ့စစ်တပ်က ဖမ်းဆီးထားသူတွေကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားပြီး မိသားစုဝင်တွေ ဒီနေ့ထိ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။