မန္တလေးတိုင်း၊သပိတ်ကျင်း မြို့နယ်အတွင်းက NLD ပါတီ အနိုင်ရကိုယ်စားလှယ်တစ်ဦးနဲ့ ဆန္ဒပြပွဲ ဦးဆောင်သူတချို့ကို ဖေဖော်ဝါရီလ ၁၆ ရက်ညနဲ့ ၁၇ ရက် မနက် အစောပိုင်းမှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားရာမှာ သပိတ်ကျင်း ဒေသခံတွေက သံပုံးတီးပြီး ဝန်းရံကာကွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
သပိတ်ကျင်း မြို့ပေါ်မှာ နေထိုင်တဲ့ NLD ပါတီ လွတ်တော်ကိုယ်စားလှယ် တစ်ဦး၊ CDM ဦးဆောင်တဲ့ ဝန်ထမ်း တချို့နဲ့ ပါတီဝင် တချို့၊ ဇရပ်ကွင်းကျေးရွာက ဆန္ဒပြပွဲ ဦးဆောင်သူ တချို့နဲ့ ပါတီဝင်တချို့၊ ကြာညှပ်ကျေးရွာက ဆန္ဒပြပွဲ ဦးဆောင်သူ တချို့၊ တကောင်းမြို့က NLD ပါတီရဲ့ တိုက်နယ်တာဝန်ခံဟောင်းတစ်ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တချို့က လာရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လာရောက် ဖမ်းဆီးချိန်မှာ လူထုက သံပုံးတီးကာ ဝန်းရံခဲ့ကြပြီး အဖမ်းမခံခဲ့ကြရဘူးလို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက မြို့တွေနဲ့ ကျေးရွာ အများအပြားမှာတော့ စစ်အာဏာ သိမ်းမှုကို အလိုမရှိကြောင်း ပြည်သူလူထုက ကန့်ကွက် ဆန္ဒပြနေသလို ပြည်သူ့ဝန်ထမ်း အများအပြားကလည်း CDM လုပ်ဆောင်မှုတွေနဲ့ စစ်အာဏာကို ကန့်ကွက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
ထိန်ထိန်လင်း
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲက ဦးဆောင်သူတစ်ချို့နဲ့ ကျောင်းသားတစ်ချို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့သူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ (GTI) ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း ၁၁ ယောက်ပါဝင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သူတစ်ချို့ကိုလည်း အကြမ်းဖက် ရိုက်နှက်တာတွေ ရှိတယ်လို့ သိရပါတယ်။
နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဆောင်သူတစ်ချို့လည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ချို့ကို ဖမ်းဆီးခဲ့တာပါ။
နွယ်နီတင်မောင်
ပဲခူးတိုင်း ညောင်လေးပင်မြို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူအချို့နဲ့ သတင်းထောက်အချို့ကို ရဲစခန်းမှာ လာရောက်အဖမ်းခံဖို့ မြို့နယ်ရဲတပ်ဖွဲမှူးက ဖုန်းနဲ့ အကြောင်းကြားခဲ့တယ်လို့ တိမ်းရှောင်နေတဲ့ သတင်းထောက်တဦးက ပြောပါယ်။
မနေ့က ဆန္ဒပြပွဲဦးဆောင်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့နဲ့ သတင်းထောက်အချို့ရဲ့ နေအိမ်တွေရှေ့ မှာ ရဲနဲ့ စစ်တပ်က လှည့်လည်ရှာဖွေနေပြီး နေအိမ်တွေမှာ ဝင်ရောက် ရှာဖွေတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
“မြို့နယ်ရဲတပ်ဖွဲ့မှူးက ရဲစခန်းမှာ လာအဖမ်းခံဖို့ ကျနော့်ကို ဖုန်းဆက်ပါတယ်၊ ဘာပုဒ်မ နဲ့ ဘာအတွက် ဖမ်းမှာလဲ မေးတော့ ဘာအတွက်လဲဆိုတာတော့ မသိဘူး။ ပုဒ်မကတော့ မြို့မ စခန်းမှူးက တပ်မှာလို့ ပြောပါတယ်” လို့ သတင်းထောက်က ပြောပါတယ်။
လက်ရှိမှာ လာအဖမ်းဖို့ စာရင်းမှာပါတဲ့ သူအပါအဝင် ၇ ယောက်ဟာ ထွက်ပြေးတိမ်ရှောင်နေကြတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန္ဒပြပွဲတွေကို နေ့စဉ် သိန်းနဲ့ချီ ကျင်းပနေကြသလို ဝန်ထမ်းတွေလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်နေကြပါတယ်။