ဆန္ဒပြ

November 30, 2022

ဆန္ဒပြပွဲများက တရုတ်အစိုးရကို တုန်လှုပ်စေမည်မဟုတ်ဟု အနုပညာရှင် အိုက်ဝေဝေ ပြော

တရုတ်ပြည်မကြီးက လက်ရှိဆန္ဒပြပွဲတွေကို အသံတိတ်သွားတဲ့အထိ ဖြိုခွင်းမှာဖြစ်လို့ လက်ရှိ ကိုဗစ်ဆိုင်ရာ ဆန္ဒပြလှိုင်းလုံးတွေဟာ သမ္မတရှီကျင့်ဖျင် အစိုးရကို တုန်လှုပ်စေနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တရုတ်အနုပညာရှင် အိုက်ဝေဝေက သူ လက်ရှိနေထိုင်ရာ ပေါ်တူဂီကနေ နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက် စည်းကမ်းတွေကနေ လွတ်လပ်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်ပြည်မကြီးရဲ့ ရှန်ဟိုင်း၊ ပေကျင်းနဲ့ တခြားမြို့တွေမှာ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒထုတ်ဖော် ပြောဆိုသူတွေကို နှိမ်နင်းမှာဖြစ်သလို ဆန္ဒပြသူတွေ ကြားမှာလည်း ခေါင်းဆောင်မှုနဲ့ စည်းရုံးမှု အားနည်းတာကြောင့် ဆန္ဒပြပွဲတွေ ရှေ့ဆက်နိုင်မယ်လို့ မမြင်ကြောင်း သူက ဆိုပါတယ်။

သမ္မတရှီဟာ သူ့လက်ထက်မှာ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းကိုင်တွယ်လေ့ရှိပြီး နည်းပညာမြင့် လူထုစောင့်ကြည့်ရေးစနစ်ကိုလည်း နေရာအနှံ့ ဖြန့်ကြက်ထားတဲ့အတွက် ဆန္ဒပြပွဲတွေဟာ ပိုခက်ခဲပြီး ပိုစွန့်စားရပါတယ်။

“ရှင်းလင်းတဲ့ နိုင်ငံရေးလမ်းစဉ် မရှိတဲ့အတွက် ဆန္ဒပြသူတွေကို ဖမ်းဆီးပြီး သူတို့ရှေ့ဆက်သွားဖို့ အရမ်းလွယ်ကူနေတာပါ။ ဟောင်ကောင်အရေး ဒါမှမဟုတ် ၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင် အရေးအခင်း အတိုင်းအတာမျိုး ဖြစ်လာခဲ့ရင်တောင် တရုတ်ပြည်မ အစိုးရက တုန်လှုပ်မှာမဟုတ်ပါဘူး” လို့ အိုက်ဝေဝေက ပြောပါတယ်။

“နှစ်ပေါင်း ၇ဝ ကြာ အစိုးရကို မေးခွန်းထုတ်မယ့် ပညာတတ်တွေ၊ သတင်းမီဒီယာတွေကို အပြတ်ရှင်းထားခဲ့တာ၊ တရုတ်ပြည်မှာ နိုင်ငံရေးပတ်ဝန်းကျင် မရှိရအောင် ဆောင်ရွက်ထားတာကြောင့် ဆန္ဒပြလှုပ်ရှားမှုတွေကို ဘယ်သူမှ ဦးမဆောင်နိုင်လောက်ဘူး” အိုက်ဝေဝေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

7 hours Ago

November 29, 2022

တရုတ်နိုင်ငံတဝန်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေ

တရုတ်နိုင်ငံ ပြည်မကြီးက မြို့အများအပြားမှာ အစိုးရကို ဆန့်ကျင်သပိတ်မှောက်တဲ့ ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး သမ္မတရှီကျင့်ဖျင် အာဏာရယူခဲ့တဲ့ ဆယ်စုနှစ်အတွင်း မကြုံစဘူး အာဏာဖီဆန်မှု လှိုင်းလုံးကြီးလည်း ဖြစ်ပါတယ်။

အစိုးရရဲ့ ကိုဗစ်ကာကွယ်ရေးပေါ်လစီအပေါ် မကျေနပ်မှုကနေ နိုဝင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံအနောက်ဘက်၊ ရှင်းကျန်းပြည်နယ်က မီးလောင်မှုမှာ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အတွက် အခုလို ကျယ်ပြန်တဲ့ လူထုဆန္ဒပြပွဲတွေအထိ ပေါ်ပေါက်လာခဲ့တာပါ။

တချို့ အင်တာနက်အသုံးပြုသူတွေကတော့ လော့ဒ်ဒေါင်းစည်းမျဉ်းတွေကြောင့် ပိုဆိုးလာနိုင်ဖွယ်ရှိတယ်လို့ မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒဖော်ထုတ်မှုနေရာတွေ မတူညီပေမဲ့ ကြာသတေးနေ့က မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ပန်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ဝမ်းနည်းမှု အထိမ်းအမှတ်ကို တူညီတဲ့ သဘောဆန္ဒတွေ ပြခဲ့ကြပါတယ်။

တချို့ကတော့ စာရွက်ဖြူအလွတ်တွေ ကိုင်ဆောင်ရင်း တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုကို အန်တုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်ကာကွယ်ရေး မူဝါဒတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ နိုင်ငံက ပြည်သူတွေဟာ အတင်းကျပ်ဆုံး ကိုဗစ်ထိန်းချုပ်မှုအောက်မှာ သုံးနှစ်နီးပါး နေထိုင်ခဲ့ကြရတာဖြစ်ပြီး တချို့နိုင်ငံတွေမှာတော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်နိုင်ရေးကို ကြိုးပမ်းကြပါတယ်။

1 day Ago
More News
Up