စပါးပေါ်ချိန် ဈေးအလွန်အမင်းမကျစေဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးအမျိုးအစားအလိုက် အခြေခံဈေးနှုန်းများ သတ်မှတ်ပြီး ဝယ်ယူသွားမယ်လို့ နိုဝင်ဘာ ၄ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
စပါးစုပြုံပေါ်ချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာလများမှာ ဈေးကွက်ဝယ်လိုအားကျပြီး ဈေးအဆမတန်ကျဆင်းမှု မဖြစ်စေဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီစဉ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဆန်စပါးအသင်းအနေနဲ့ စပါးဈေးမကျစေဖို့အတွက် အချက် ၃ ချက်နဲ့ လုပ်ဆောင်မှာဖြစ်ပြီး ဒီထဲ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်ဆပ်ချိန် ၁ လ နောက်ဆုတ်ပေးဖို့လည်း ပါဝင်ပါတယ်။
တောင်သူတွေဟာ စိုက်ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ ရရာဈေးနဲ့ ထိုးရောင်းတဲ့အခါ စပါးဈေးကျခြင်း မဖြစ်ပေါ်စေရေး ကာကွယ်နိုင်ရန် သက်ဆိုင်ရာကို အကြံပြု တင်ပြတာ ဖြစ်ပါတယ်။
တခါ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး ညီနောင်အသင်းအဖွဲ့များ၊ အသင်းဝင် စက်ပိုင်/ကုန်သည်/ကုမ္မဏီ များ ပူးပေါင်းပါဝင်လျက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စတဲ့ ဆန်စပါး အဓိက စိုက်ပျိုးရာဒေသတွေမှာ စပါးအမျိုးအစားအလိုက် အခြေခံဈေးနှုန်းများ သတ်မှတ်ပြီး ဝယ်ယူသွားမယ်။
ဒီလို ဝယ်ယူတဲ့အခါ တောင်သူများအတွက် ထိုက်သင့်သော စပါးဈေးနှုန်း ဖြစ်စေရန် စီစဉ် ဆောင်ရွက်နေတယ်လို့လည်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဝယ်ယူမယ့် ပမာဏ၊ နေရာ၊ ဈေးနှုန်းတို့ကို အသင်းက ထပ်မံထုတ်ပြန်ပေးမှာ ဖြစ်ပြီး တောင်သူများအတွက် ထိုက်သင့်တဲ့ဈေးနှုန်း ဖြစ်စေနိုင်မယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
6 years Ago