ဆန်ဂျို့စ်

July 22, 2015

မန်ယူ ၃ - ၁ ဆန်ဂျို့စ် အာ့သ်ကွိက် (ရုပ်သံ)

အမေရိကန်မှာ ကျင်းပနေတဲ့ မြောက်အမေရိကား နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲအဖြစ် အင်္ဂလန် နာမည်ကြီး မန်ယူနဲ့ အမေရိကန် အခြေစိုက် ဆန်ဂျို့စ် အာ့သ်ကွိက်တို့ ဇူလိုင် ၂၁ ရက်က ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၃၂ မိနစ်မှာ ကွင်းလယ်လူ မာတာက သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဒီရာသီ ခေါ်ယူခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဒီပေးက ၃၇ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ၄၃ မိနစ်မှာ ဆန်ဂျို့စ်အသင်းကွင်းလယ်လူ ဖာတိုင် အလာရှီက ချေပဂိုး ၁ ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ မန်ယူအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၆၁ မိနစ်မှာ အန်ဒရေ ပယ်ရီရာက သွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ မြောက်အမေရိကား နိုင်ငံတကာဖလားပြိုင်ပွဲကို လာမယ့် ဘောလုံးရာသီ အကြိုအဖြစ် ပြုလုပ်တာဖြစ်ပြီး ဘာစီလိုနာ၊ မန်ယူ၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ စတဲ့အသင်းတွေနဲ့ မြောက်အမေရိက ကလပ်တွေ အပါအ၀င် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။ မန်ယူအတွက် အခုပွဲဟာ ဒုတိယပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်အဖြစ် ဇူလိုင် ၁၈ ရက်က စီအက်ဖ်အမေရိကားနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာလည်း မန်ယူက ဒီရာသီ အသစ်ခေါ်ထားတဲ့ မော်ဂန် ရှနိုက်ဒါလင် သွင်းယူတဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရထားပါတယ်။ မန်ယူအသင်းဟာ တတိယပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ဇူလိုင် ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
Up