ဒေါ့မန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး ဂျာမန်ကလပ်မှာပဲ တရာသီဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဆန်ချိုဟာ အခုရာသီမှာ ၄၁ ပွဲကစားပြီး ၁၂ ဂိုးသာ သွင်းယူထားခဲ့ပေမယ့် အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ၁၉ ကြိမ်ထိ ဂိုးဖန်တီးမှုပြုလုပ်ထားခဲ့တာကြောင့် ၁၉ နှစ်သာ ရှိသေးပေမယ့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျစရာဖြစ်ခဲ့ပါတယ်။
ဆန်ချို့ရဲ့ တရာသီသက်တမ်းတိုးတဲ့စာချုပ်နဲ့ ပတ်သက်လို့ ဒေါ့မန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ခ်က အတည်ပြုခဲ့ပြီး ကစားသမားကို လာရောက်ကမ်းလှမ်းထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဆန်ချိုဟာ အသင်းရဲ့ အနာဂတ်စီမံကိန်းထဲမှာ ပါဝင်နေပြီး အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။ ဆန်ချိုဟာ မန်စီးတီးကနေ ဒေါ့မန်အသင်းကို လွန်ခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့ခဲ့တာပါ။
4 years Ago