ဆန်ခလပူရီတွင် တရားမ၀င်ဝင်ရောက်လာသည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ

May 21, 2018

ဆန်ခလပူရီတွင် တရားမ၀င်ဝင်ရောက်လာသည့် မြန်မာ ၉ ဦးဖမ်းဆီးခံရ

  ထိုင်းနိုင်ငံ၊ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ယမန်နေ့ မနက်က သတင်းဌာနစတစ်ကာကပ်ထားတဲ့ ကားတစ်စီးပေါ်ကနေ တရားမ၀င် ၀င်ရောက် လာတဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ စစ်တပ်နဲ့ ရဲပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ရပ်ကွက် ၁ ထဲရှိ ဆဖန်းလန်တီ တံတားအနီး စောင့်ကြပ်စစ်ဆေးစဉ် မနက် ၈ နာရီ လောက် က ငွေရောင်တိုယိုတာ မှန်လုံကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ အဆိုပါကားရဲ့ ရှေ့မှန်မှာ သတင်း၊ ရုပ်သံမှတ်တမ်းတင်သည်  ဆိုတဲ့ စာသားပါ စတစ်ကာ ကပ်ထားတာတွေရပြီး ကားပေါ်ပါလာတဲ့သူတွေကို မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တာပါ။ စစ်ဆေးရာမှာ ယာဉ်မောင်းသူ ထိုင်းလူမျိုးက လွဲလို့ ကျန် ၉ ဦးစလုံး  ပြည်ဝင်ခွင့်အထောက်အထား တစုံတရာမရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နေတာတွေ့ရတယ်လို့ အမှတ် ၃  နယ်လှည့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးချတ်ချိုင်းငေါင်းဖရိုမင်က သတင်းထောက်တွေကို ပြောပါတယ်။ ယာဉ်မောင်းသူ နိုင်းဆူချတ် မိုင်းထောင်န်း (၃၁ နှစ်)ရဲ့ ဖွင့်ဟ၀န်ခံချက်အရ အဆိုပါ မြန်မာနိုင်ငံသား ၉ ဦးမှာ  ကန်ကျနပူရီခရိုင် အတွင်းပိုင်းဘက်ကို အလုပ်သွားလုပ်မယ့် သူတွေ ဖြစ်ပြီး သူတို့ကို နောင်လူးအုပ်စုနယ်မြေ ၈ ဆောင်းကလေ့ကျေးရွာကနေ သယ်ဆောင်လာတာ ဖြစ်ကြောင်း၊ တောလမ်းခရီးဘက်ကနေ ကွေ့ပတ်ခေါ်ဆောင်ခဲ့ရာမှာ အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက သူ့ကို ဆက်လက်စစ်ဆေးအရေးယူဖို့ ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနထံ ပို့ဆောင်ထားသလို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၉ ဦးကိုလည်း ဆန်ခလပူရီ လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့ဆောင်ထားတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။
4 years Ago
Up