ဆန်ကာတင်စာရင်းဝင်

January 25, 2018

ချီလီရုပ်ရှင်ဇာတ်ကား A Fantastic Woman အော်စကာဆု ဆန်ကာတင်စာရင်းဝင်

"A Fantastic Woman" ဆိုတဲ့ ချီလီရုပ်ရှင်ဟာ ၂၀၁၈ အော်စကာဆု ဆန်ကာတင်စာရင်းမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကား ရုပ်ရှင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ချီလီဒါရိုက်တာ စဘက်တီယန်လဲလိုက ရိုက်ကူးပြီး ချီလီသရုပ်ဆောင် ဒန်နီယယ်လာဗက်ဂါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်ကားဟာ ရည်းစားဖြစ်သူ ရုတ်တရက် သေဆုံးပြီးနောက် လူတွေရဲ့  အထင်အမြင်သေးခြင်းနဲ့ ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်ရသူ လိင်ပြောင်းထားတဲ့ အဆိုတော် တယောက်အကြောင်း ရိုက်ကူးထားတာပါ။ ချီလီဒါရိုက်တာ စဘက်တီယန်လဲလိုက “အော်စကာ ဆန်ကာတင်စာရင်းထဲမှာ ပါတဲ့အတွက် ကျေန်ာတို့ ပျော်ပါတယ်။ ဒီရုပ်ရှင်တန်ဖိုးကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်။ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ကိုယ်ပိုင်လက်နက်ရှိတယ်။ ကိုယ်ပိုင်အင်အား ရှိတယ်။ မတ်လ ၄ ရက်မှာ ဘယ်လောက်ထိ တာသွားမလဲ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဲဒီ အော်စကာဆုပေးပွဲအထိ ရောက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါဟာ လက်ဆောင်မွန်တခုပါပဲ” လို့ ပြောပါတယ်။ ချီလီသရုပ်ဆောင် ဒန်နီယယ်လာဗက်ဂါက “အခုလို ဝေဖန်မှတ်ချက်ပြု စကားတွေ ပြောတာကို ကျေးဇူးတင်ပါတယ်။ ကျမ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ဝမ်းမြောက်ဝမ်းသာဆိုတာ ကောင်းတဲ့သဘောနဲ့ပါ။ ကျမက အနုပညာရှင်ပါ။ လူတွေက ကိုယ့်ကို ချီးကျူးကြတာ ကောင်းပါတယ်” လို့ ဆိုပါတယ်။ ချီလီရုပ်ရှင် "A Fantastic Woman" ဟာ လက်ဘနွန်ရုပ်ရှင် "The Insult"၊ ရုရှားရုပ်ရှင် "Loveless"၊ ဟန်ဂေရီရုပ်ရှင် "On Body And Soul" နဲ့ ဆွီဒင်ရုပ်ရှင် "The Square" တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အော်စကာဆုပေးပွဲ အခမ်းအနားကို လာမယ့် မတ်လ  ၄ ရက်နေ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
3 years Ago
Up