ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲ ၆ ရက်မြောက်နေ့ သြဂုတ်လ ၁၄ ရက်မှာ နိုင်ငံပိုင်စက်ရုံတွေက အလုပ်သမားတွေလည်း ပူးပေါင်း ပါဝင်လာကြပါတယ်။
ဂရိုနက်ဇော ၊ ဇက်ဘင်ကာသကြားစက်ရုံ အလုပ်သမားတွေနဲ့ မင့်စ်ဂီယာစက်ရုံ အလုပ်သမားတွေက တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုခဲ့ပါတယ်။
ဆိုဗီယက်ခေတ်က စုပေါင်းလယ်ယာမန်နေဂျာဖြစ်ခဲ့တဲ့ သမ္မတ လူကာရှန်ကိုဟာ သူရဲ့ သမ္မတ သက်တမ်း ၂၆ နှစ်မှာ အကြီးမားဆုံး စိန်ခေါ်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေရပါတယ်။
မနေ့က ဆန္ဒပြပွဲမှာတော့ လူကာရှန်ကိုရဲ့ ဆိုဗီယက်စတိုင် စီးပွားရေးမိုဒယ် ပြယုဂ်တွေ ဖြစ်တဲ့ တခြားစက်ရုံတွေက အလုပ်သမားတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။
အဲဒီထဲမှာ ကုန်ကားတွေနဲ့လူစီးကားတွေထုတ်တဲ့ မင့်စ်မော်တော်ကားစက်ရုံ လုပ်သားတွေလည်းပါဝင်ပြီး ဆန္ဒပြသူတွေက လူကာရှန်ကိုဟာ ဆဋ္ဌမမြောက် သမ္မတ သက်တမ်း အနိုင်ရဖို့ ရွေးကောက်ပွဲမှာ မသမာလုပ်တယ်လို့ စွပ်စွဲကြပါတယ်။
လူကာရှန်ကိုကတော့ ဆန္ဒပြသူတွေကို ဒုစရိုက်သမားတွေနဲ့ အလုပ်လက်မဲ့တွေလို့ သဘောထားတဲ့အကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။
2 years Ago