ဆတ်ကျွဲ

May 25, 2018

ဆတ်ကျွဲအား ကိုက်ခဲနေသည့် မိကျောင်းကြီးကို ရေမြင်းအုပ်စု ဝိုင်းဝန်းတိုက်ခိုက် (ရုပ်သံ)

အန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာ အားနည်းတဲ့သူဘက်က ရပ်ကာ အချင်းချင်း ပူးပေါင်းကာကွယ်တတ်မှုဟာ လူသားတွေမှာတင်မကဘဲ တိရစ္ဆာန်တို့ရဲ့ ကမ္ဘာမှာလည်း ရှိနေတတ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းဆွဲခံနေရတဲ့ ဆတ်ကျွဲတကောင်ကို အုပ်စုလိုက် ပူးပေါင်းတိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ ရေမြင်းအုပ်စုရဲ့ အစွမ်းကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ၊ ကရူဂါ အမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ မေလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆတ်ကျွဲဟာ မြစ်ကမ်းစပ်အနီးမှာ မိကျောင်းတိုက်ခိုက်ခံနေရပြီး သူ့ရဲ့ဦးခေါင်းကို မိကျောင်းက ခဲထားခဲ့တာကို တွေ့ရပါတယ်။ အဲဒီမိကျောင်းအနားမှာလည်း တခြား မိကျောင်းအငယ်တကောင် ရှိနေခဲ့ပြီး အမြီးကို ကိုက်ခဲဖို့ ကြိုးစားချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ရေမြင်းအုပ်စုတစုဟာ ကံကောင်းထောက်မစွာ ဝိုင်းအုံလာကြပြီး ရေထဲကိုဆွဲကာ စားသောက်ဖို့ ကြိုးစားတဲ့ မိကျောင်းကြီးကို တိုက်ခိုက်ခဲ့ကြတာ တွေ့ရပါတယ်။ ရေမြင်းအုပ်စုဟာ ရေထဲမှာ တချို့ရှိနေခဲ့ကြကာ မိကျောင်းခဲထားတဲ့ ဆတ်ကျွဲကို လွတ်မြောက်စေဖို့ ဝိုင်းဝန်းပြီး တိုက်ခိုက်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ရေမြင်းအုပ်စုရဲ့ နှောင့်ယှက်တိုက်ခိုက်နေမှုကြောင့် မိကျောင်းဟာ ဆက်လက်မခဲထားနိုင်တော့ချိန်မှာ ဆတ်ကျွဲ လွတ်မြောက်သွားခဲ့တာကို တွေ့ရပါတယ်။ သူဟာ ကမ်းခြေရေစပ်ကတဆင့် အပေါ်ကို ပြန်ရောက်ချိန်မှာတော့ ခြေထောက် ထော့နဲ့ထော့နဲ့နဲ့ လျှောက်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ရုပ်သံမှတ်တမ်း ယူနိုင်ခဲ့သူ ချေ့စ်အမည်ရသူကတော့ သူနောက်ဆုံးမြင်ခဲ့ရတဲ့ အခြေအနေကို ခုလိုပြောပြခဲ့ပါတယ်။ “ရေမြင်းတွေဟာ အနားကိုဝိုင်းသွားပြီး ကယ်တင်ပေးဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဆတ်ကျွဲရဲ့ အခြေအနေက မျှော်လင့်ချက်မရှိတဲ့ အနေအထားလေ။ ဆတ်ကျွဲက မောပန်းနေချိန်မှာ ရေမြင်းအုပ်စု ဝင်လာတော့ သူ့ကို အားဖြစ်သွားစေပြီး လွတ်မြောက်မယ့် ဒုတိယလမ်းကို တွေ့သွားခဲ့တာပါပဲ။”
3 years Ago
Up