ဆည်ပြိုကျ

January 28, 2019

ဘရာဇီးဆည် ကျိုးကျမှုကြောင့် သေဆုံးသူ ၅၈ ဦးအထိ မြင့်တက်

ဘရာဇီးနိုင်ငံအတွင်း သံသတ္တုရိုင်းတွင်းက ဆည်တခုပြိုကျလို့ သေဆုံးသူ ဦးရေဟာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းမှာ ၅၈ ယောက်ထိ မြင့်တက်ခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း မီနတ်စ်ယဲရိုက်စ် ပြည်နယ်အတွင်း ဇန်နဝါရီ ၂၅ ရက်က ဘရူမာဒင်ဟို ဆည်ကျိုးချိန် သတ္တုတွင်းထဲမှာ လူ ၄၂၇ ယောက် ရှိနေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဒေသတွင်းမှာ ရွှံ့ပင်လယ် ဝိုင်းခဲ့တာပါ။ လူအယောက် ၂၅၀ေ လာက် ပျောက်ဆုံးနေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေပါတယ်။ မြို့ကတော့ ရွှံ့နှစ်တွေထဲမှာ နစ်မြုပ်လုနီးပါး ဖြစ်နေပါတယ်။ အနားမှာရှိတဲ့ ဆည်တခုလည်း ကျိုးပေါက်လုနီးပါး ဖြစ်နေလို့ လူအယောက် ၃၀၀၀ လောက်ကို ဘေးကင်းရာရွှေ့ဖို့ အမိန့်ထုတ်ထားသလို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ယာယီရပ်ခဲ့ရပါတယ်။ ဆည်အမှတ် ၆ က ကျိုးမယ့်ဘေး မရှိတော့ဘူးလို့ ဆုံးဖြတ်ပြီးချိန်ရောက်မှ အမိန့်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ မိုးက ဆက်တိုက်ရွာနေလို့ ရှာဖွေရေးလုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်နေပါတယ်။ ဒီဆည်ဟာ ကုဗမီတာ ၁၂ ဒသမ ၃ သန်း သိုလှောင်နိုင်ပြီး မတော်တဆမဖြစ်ခင် ပိတ်ထားပြီးပြီလို့ သတ္တုတွင်းလုပ်ငန်း ဗိုင်းလီ အက်စ်အေက ပြောပါတယ်။ သတ္တုတွင်း စွန့်ပစ်ပစ္စည်းတွေနဲ့ ရေနဲ့ရောနေတဲ့ ရွှံ့ပင်လယ်ကနေ အနံ့အသက်တွေ ထွက်နေသလို အပူချိန်လည်း မြင့်နေတယ်၊ လူနဲ့ တိရစ္ဆာန် အလောင်းတွေကြောင့် အနံ့က ပိုဆိုးလာတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အဒ်ဒွါဒို ပေဒရိုဆာက ပြောပါတယ်။ ဆည်ကျိုးမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပမာဏ နည်းမယ်လို့ ပြောနေပေမယ့် ပါရာအိုပေဘာ မြစ်ထဲက ရေနမူနာ ကောက်ယူမှုကို သတိထားတဲ့အနေနဲ့ ရပ်ဆိုင်းထားဖို့ ပြည်နယ် အာဏာပိုင်တွေက ဆုံးဖြတ်ထားပါတယ်။ မြစ်ဘေးတလျှောက်က ဒေသခံတွေ အယောက် ၂ သောင်း ၄ ထောင်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်နေပါတယ်။
2 years Ago
Up