ဆစ်ဆိုကို

March 25, 2020

ဆာလက်ထက် မာနေး ရီးရဲလ်ကို ရောက်နိုင်ခြေ ပိုများပါတယ် - ဆစ်ဆိုကို

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မဝေးတော့တဲ့အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားနိုင်ခြေရှိနေတယ်လို့ ကစားသမားဟောင်း မိုဟာမက်ဆစ်ဆိုကိုက ပြောပါတယ်။  မာနေးဟာ  ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်ဖို့ အလားအလာတွေ ရှိနေသူလို့လည်း သူက ယူဆထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက  ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦး ဖြစ်လာခဲ့ကာ ၁၆၁ ပွဲ ကစားပြီး ၇၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆီနီဂေါ လက်ရွေးစင်ဟာ ဖာမီနို၊ ဆာလတ်တို့နဲ့ တွဲဖက်ကာ အကောင်းဆုံးခြေစွမ်းပြနေသူ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေပေါ်မှာလည်း တော်တော်လေး အကျိုးသက်ရောက်မှု ရှိစေခဲ့သူ ဖြစ်ပါတယ်။ မာနေးဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး ထိပ်တန်းဂိုးသွင်းရှင် ဆာလတ်နဲ့  နှစ်ဂိုးသာ ကွာတော့ပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေအရ သူတို့နှစ်ဦးစလုံးကို ရီးရဲလ်မက်ဒရစ်အသင်းက  ကာလရှည်စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဇီဒန်းဟာ အဓိကတိုက်စစ်မှူး ဘင်ဇီမာအတွက် အထောက်အကူဖြစ်စေဖို့ လီဗာပူး တိုက်စစ်မှူးနှစ်ဦးကို မျက်စိကျနေတာ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ လီဗာပူး ကစားသမားဟောင်း ဆစ်ဆိုကိုက ဆာလတ်ထက် မာနေးဟာ ရီးရဲလ်အသင်းအတွက် ပိုသင့်တော်သူဖြစ်ပြီး ရီးရဲလ်အသင်းကသာ တရားဝင်  ကမ်းလှမ်းမှု လုပ်လာမယ်ဆိုရင် မာနေးကို ရီးရဲလ်အင်္ကျီနဲ့ မြင်တွေ့ရဖို့ရှိတယ်လို့ ပြောပါတယ်။ Europa Calcio နဲ့ တွေ့ဆုံခဲ့ရာမှာ လီဗာပူး ကွင်းလယ်လူဟောင်းက “ကျနော့်အထင် ဆာလတ်ထက် မာနေးက ရီးရဲလ်အသင်းကို ရောက်သွားနိုင်ခြေပိုများပါတယ်။ သူဟာ ဇီဒန်း ကြိုက်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဇီဒန်းကိုယ်တိုင်ကလည်း သူ့ကို ထုတ်ဖော်ချီးကျူးထားပါတယ်။ ဒါ့ကြောင့် မာနေးသာ ရီးရဲလ်ကို ရောက်သွားပါလိမ့်မယ်” လို့ပြောဆိုခဲ့ပါတယ်။  ဆာလက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဆာလက် လီဗာပူးသင်းမှာ ဆက်ရှိ မလား ဆိုတာ ကျနော် သေချာတော့ မပြောနိုင်ပါဘူး။ တကယ်လို့ သူ အသင်းပြောင်းဖြစ်တယ် ဆိုရင်လည်း ဒါဟာ  လီဗာပူးအတွက် မကောင်းတဲ့ကိစ္စတော့ ဖြစ်မလာနိုင်ပါဘူး။ သူတို့ဟာ ပါးနပ်တဲ့အသင်းဖြစ်ပြီး ဆာလက်နေရာကို ဘယ်လိုအစားထိုးရမလဲ စဉ်းစားထားပြီး ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့မှာ ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေလည်း ရှိနေပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
2 years Ago
Up