ဥရောပရဲ့ ဆင်းရဲမှု ကိန်းဂဏန်းဟာ ၂၀၂၁ ခုမှာ ထိပ်ဆုံးထိ ရောက်လာနိုင်တယ်လို့ ဆင်းရဲမွဲတေမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အိုလီဗီယာဒေ ရှော့တာက သတိပေးလိုက်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ လူ ၉၂ သန်းဟာ ဆင်းဆင်းရဲရဲ နေရတယ်လို့ သူက ပြောကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟာ မညီမျှမှုတွေကို တိုးစေပြီး နောက်ထပ်လည်း အများကြီး ထပ်တိုးစေနိုင်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောပါတယ်။
“၂၀၀၈ ကနေ ၂၀၂၀ ကြားမှာ မညီမျှမှု ကိန်းဂဏန်းက အပြောင်းအလဲ မရှိသလောက်ပဲ။ ဒါကြောင့် ကျနော်တို့ အလုပ်အကိုင်တွေ ဖန်တီးခဲ့ပေမယ့် မညီမျှမှုက သိသိသာသာ လျော့မသွားဘူး။”
ဥရောပသမဂ္ဂနိုင်ငံသား ၂၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို သက်ရောက် ခံနေရပြီး ၂၀၀၈ စီးပွားရေး အကြပ်အတည်း နှောင်းပိုင်းမှာ မညီမျှမှု အဆင့်တွေက တိုးတက်မလာဘူးလို့ ဆိုပါတယ်။
အလုပ်အကိုင် ရှိပေမယ့် လုပ်ခလစာ နည်းလွန်းလို့ ဆင်းရဲမယ့်ဘေးကို ရင်ဆိုင်နေရတဲ့ အလုပ်သမား အရေအတွက် တိုးလာနေပြီး အလုပ်သမား သန်း ၂၀၊ လုပ်သားအရေအတွက် အားလုံးရဲ့ ၉ ရာခိုင်နှုန်းဟာ ဆင်းဆင်းရဲရဲ အလုပ်လုပ်ရင်း အလွန်အမင်း ခက်ခဲကြပ်တည်းနေတယ်လို့ သူက ပြောပါတယ်။၏
ဒေရှော့တာဟာ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို ၂၀၂၁ ဇွန်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြမယ်လို့ သိရပါတယ်။