ဆင်းရဲနွမ်းပါးအိမ်ထောင်စုများ

A d v e r t i s e m e n t With Us

June 9, 2020

ဇီးကုန်းမြို့နယ်ရှိ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများကို နေအိမ်ဆောက်လုပ်ပေး 

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာ ကိုဗစ်-၁၉ ကာလ အလုပ်အကိုင်မရှိ၊  စားသောက်ရေးအခက်အခဲနဲ့ နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ မိသားစုတွေကို ဇီးကုန်းမြို့က စေတနာရှင်တွေစုပေါင်းပြီး နေစရာအိမ်တွေ ဆောက်လုပ်ပေးပြီး ဆန်နဲ့ တခြားရိက္ခာတွေ ထောက်ပံ့လှူဒါန်းပေးနေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ တစ်နေ့လုပ် တစ်နေ့စားမိသားစုတွေကို အဓိကထားလှူဒါန်းပေးနေပြီး လက်ရှိအချိန်မှာတော့ နေအိမ် ၄ လုံး ဆောက်လုပ်ပေးထားတယ်လို့ စေတနာရှင်တစ်ဦးဖြစ်သူ ကိုနိုင်လင်းက ပြောပါတယ်။ “ကိုဗစ်-၁၉ ကာလမှာ မရှိနွမ်းပါးတဲ့သူတွေကို ဆန်နဲ့ အခြားရိက္ခာလေးတွေ သွားလှူတာပါ။ သွားလှူတဲ့အခါမှာ တချို့က အမှိုက်ပုံတွေနဲ့ လမ်းဘေးမှာ ကော်ဘူး၊ ကော်ခွက်ကောက်နေတဲ့ မိသားစုတွေရှိသလို ကျပန်းလုပ်ကိုင်စားနေတဲ့ မိသားစုတွေမှာ နေစရာအခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်။ တချို့က တဲအိမ်တွေ ယိုင်နေတာတွေ၊ အမိုးအကာတွေ ပျက်စီးနေတာတွေကို မပြင်နိုင်လို့ မိုးရွာတော့ နေစရာအခက်အခဲဖြစ်တာတွေ မြင်ရတော့ စိတ်မကောင်းဘူး။ ဒါကြောင့် ကိုယ်နဲ့သိတဲ့မိတ်ဆွေတွေကို အကျိုးအကြောင်းပြောပြီး အလှူခံတယ်။ ပစ္စည်းလှူတဲ့သူ ရှိသလို ငွေလှူတဲ့သူလည်း ရှိတယ်။ အခုဆို နေစရာအိမ် ၄ လုံး ဆောက်ပေးတာ ၃ အိမ်တော့ ပြီးသွားပြီ။ နောက်ထပ်လည်း ဆက်ပြီးဆောက်ပေးသွားဦးမှာပါ။”  တစ်အိမ်ကို ကျပ် ၅၀၀၀၀ ကနေ ၁ သိန်းကျပ်အထိ ကုန်ကျပြီး နောက်ထပ်အလှူရှင်တွေ တိုးလာတဲ့အတွက် ၃ ရက်ကိုတစ်ကြိမ် တစ်အိမ်ထောင်ကို ဆန်တစ်ပြည်နဲ့ အခြားရိက္ခာလေးတွေ နည်းနည်းစီ ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။ ဇီးကုန်းမြို့ အမှတ်(၂)ရပ်ကွက်၊ ချောင်းကမ်းဘေးမှာနေထိုင်တဲ့ အိမ်ထောင်စု ၁၆ စုကအရင်က ကျပန်း လုပ်ကိုင်စားသောက်နေထိုင်ပြီး ခုချိန်မှာ အပြင်မထွက်ရတာတွေနဲ့ အလုပ်အကိုင် ရှားပါးတာတွေကြောင့် အလှူရှင်တွေကို မျှော်နေရတယ်လို့ သိရပါတယ်။ မိသားစုဝင်တစ်ဦးက “အရင်က ကော်ဘူး၊ ကော်ခွက်တွေ ကောက်တယ်။ ဆိုင်တွေမှာ ပြန်ရောင်းပြီး စားသောက်တယ်။ အခုက အပြင်လည်း မထွက်ရဘူး။ ဆိုင်တွေကလည်း ပိတ်ထားတော့ စားသောက်ဖို့ အဆင်မပြေဘူး။ တချို့လူတွေလည်း အလုပ်မလုပ်ရလို့ စားသောက်ဖို့ အခက်အခဲ ဖြစ်တယ်။ အလှူရှင်တွေလာရင်တော့ အဆင်ပြေတယ်။ အလှူရှင်မရှိရင် အဆင်မပြေဘူး” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ မတ်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိတဲ့အချိန်က စတင်ပြီး အလုပ်အကိုင်ရှားပါတာတွေကြောင့် တနေ့လုပ် တနေ့စား မိသားစုဝင်တွေ နေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။ သတင်း - မေသွယ်
9 months Ago
Up