ဆင်းခွင့်ပြု

February 19, 2020

အပျော်စီးသင်္ဘောပေါ်က ခရီးသည်များကို ဂျပန်ဆိပ်ကမ်းပေါ် ဆင်းခွင့်ပြု

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ သီးခြားစောင့်ကြည့်ခံရတဲ့ Diamond Princess အပျော်စီးသင်္ဘောဟာ စောင့်ကြည့်ကာလ ပြည့်သွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်က  ခရီးသည် ၅၀၀ လောက်ကို ကမ်းပေါ် ဆင်းခွင့်ပြုလိုက်ပါတယ်။  ဒါပေမဲ့ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ တခန်းတည်း နေခဲ့သူတွေကတော့ သင်္ဘောပေါ်မှာ ကြာကြာဆက်နေရမယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဟောင်ကောင်မှာ ဆင်းသွားတဲ့ ခရီးသည်တဦးမှာ Covid-19 ဗိုင်းရပ်စ် တွေ့ရှိပြီးနောက်  အပျော်စီးသင်္ဘောဟာ ဖေဖော်ဝါရီ ၃ ရက်ကစလို့ ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြည့်ခံရပါတယ်။  သင်္ဘောပေါ်မှာ လူ ၃၇၀၀ ကျော် လိုက်ပါလာပြီး ဂျပန်ကျန်းမာရေး အာဏာပိုင်တွေ စစ်ဆေးချက်အရ အခုချိန်ထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၄၀ ကျော် ရှိပါတယ်။  ဖေဖော်ဝါရီလ ၁၉ ရက်က  ဂျပန်နဲ့ တခြားနိုင်ငံသားတွေကို ခေါ်ယူဖို့ ခရီးသည်တင် ဘတ်စ်ကားတွေ ဆိပ်ကမ်းကို ရောက်လာတာ တွေ့ရပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ ဟောင်ကောင်၊ အီတလီနဲ့ ထိုင်ဝမ်တို့ကလည်း သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့  ရိုက်တာသတင်းမှာ ရေးပါတယ်။
1 year Ago
Up