ဆင်အကောင်ရေ ၅၀ ကျော်

October 23, 2019

ဇင်ဘာဘွေတွင် မိုးခေါင်ပြီး အစာရေစာငတ်မွတ်မှုကြောင့် ဆင်အကောင်ရေ ၅၀ ကျော်သေဆုံး

ဇင်ဘာဘွေနိုင်ငံမှာ ဆိုးဆိုးရွားရွား မိုးခေါင်နေတာကြောင့်  နိုင်ငံအနောက်ပိုင်းက ဥယျာဉ်တခုမှာ အစာရေစာ ငတ်မွတ်လို့ သုံးလကာလအတွင်း ဆင်အကောင်ရေ ၅၅ ကောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန် အေဂျင်စီက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။  ဟာဝေးနဲ အမျိုးသားဥယျာဉ်ရဲ့ ရေတွင်းတွေနားမှာ သေဆုံးနေတဲ့ ဆင်တွေကို တွေ့ရတယ်လို့ ဇင်ဘာဘွေ ဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တီတာရှီ ဖာရာဝိုက ပြောပါတယ်။ ဒါဟာ ဆင်တွေအနေနဲ့ ရေရဖို့ ဝေးလံတဲ့နေရာတွေကနေ ခရီးနှင်လာရတဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေက အင်မတန် ပူပြင်းခြောက်သွေ့တာကြောင့် မိုးရွာဖို့ အသည်းအသန် စောင့်နေရတယ်လို့ ဖာရာဝိုက ဆက်ပြောပါတယ်။ ဟာဝေးနဲ အမျိုးသားဥယျာဉ်အတွင်းမှာ စက်တင်ဘာလကတည်းက အစာနဲ့ ရေပြတ်လပ်တာကြောင့် ဆင်အကောင်ရေ ၅၅ ကောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ လေ့လာစုံစမ်းမှု စစ်တမ်းက ဖော်ပြပါတယ်။ အဲဒီအမျိုးသားဥယျာဉ်မှာ လက်ရှိဆင်အကောင်ရေ ငါးသောင်းလောက် နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဇင်ဘာဘွေနိုင်ငံမှာ ဆင်တွေ တိုက်ခိုက်တာကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံးခဲ့ရတယ်လို့ ဇင်ဘာဘွေ ဥယျာဉ်နဲ့ တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်တာကြောင့် ပြောင်းထွက်နှုန်း ထက်ဝက်ကျော် ကျဆင်းခဲ့ပြီး နိုင်ငံလူဦးရေ သုံးပုံတပုံလောက်ဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up