ဆင်းသက်

October 1, 2017

ပြင်သစ်လေယာဉ်တစီး စက်ချို့ယွင်းပြီး ကနေဒါတွင် အရေးပေါ်ဆင်းသက်

ပြင်သစ်နိုင်ငံကနေ လော့စ်အိန်ဂျလိ့စ်မြို့ကို ပျံသန်းတဲ့ အေ-၃၈၀ ပြင်သစ်လေယာဉ်ဟာ ပျံသန်းနေစဉ်အတွင်း စက်ချို့ယွင်းခဲ့လို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်မှူးက မူလပျံသန်းမယ့် လမ်းကြောင်းကနေ ကနေဒါနိုင်ငံ ဂူးစ်ဘေလေဆိပ်ဆီ လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတာပါ။ အာတလန္တိတ် သမုဒ္ဒရာပေါ်မှာ လေယာဉ်စက် ချို့ယွင်းပေါက်ကွဲသွားတာလို့ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တဦးက တွီတာပေါ်မှာ ရေးထားပြီး နောက်ခရီးသည် တဦးကလည်း ဆိုးဆိုးရွားရွားဖြစ်နေတဲ့ဘက်အခြမ်းကို လေယာဉ်ပြတင်းပေါက်ကနေ မမြင်ရခင် “ပေါက်ကွဲသံ အကျယ်ကြီးနဲ့ အရမ်း တုန်ခါသွားတာကို” ကြားလိုက်ရတယ်လို့ ပြောပါတယ်။ ခရီးသည်တဦးဖြစ်သူ ပမ်မလာအဒမ်စ် ဆိုတဲ့အမျိုးသမီးက “ရုတ်တရက်ဝုန်းကနဲ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ အဲ့ဒီအသံက ပေ ၃ သောင်း ၅ ထောင်အမြင့်မှာ လေယာဉ်က ဂျစ်ကားတစီးကို တိုက်သလိုပဲ၊ လေယာဉ်က ငှက်နဲ့ ဝင်တိုက်တယ်လို့ ထင်ခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းသိရတဲ့အခြေအနေက ပိုဆိုးနေတယ်” လို့ ပြောပါတယ်။ လေယာဉ်စက်ရဲ့ သံထိပ်အုပ်က လုံးဝပြုတ်ထွက်သွားပြီး ကျန်ခဲ့တဲ့စက်က ဆိုးဆိုးရွားရွား ချုံးချုံးကျနေတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ကံကောင်းစွာနဲ့ လေယာဉ်က ဘေးကင်းစွာ ဆင်းသက်ခဲ့လို့ ခရီးသည်တွေက စိတ်သက်ရာ ရတယ်လို့ ပြောကြပါတယ်။ ပြင်သစ်လေကြောင်းလိုင်းက လေယာဉ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်၊ ခရီးသည်တွေကိုလည်း စောင့်ရှောက်ထားတယ်၊ လေယာဉ်ခရီးကို ပြန်စီစဉ်ပေးဖို့ လုပ်ဆောင်နေတယ်၊ ဖော်ပြလို့မရတဲ့ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်က ဂူးစ်ဘေလေဆိပ်မှာ ဆိုက်ခဲ့ရတာလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ လေကြောင်းလိုင်းက ဘိုးရင်း ၇၇၇ နဲ့ ချာတာ ၇၃၇ လေယာဉ် ၂ စီး နောက်ပိုင်းမှာ ပို့လိုက်ပြီး ခရီးသည်တွေ ခရီးဆက်နိုင်ဖို့ စီစဉ်ပေးတယ်လို့ သိရပါတယ်။ အေ ၃၈၀ လေယာဉ်က အကြီးဆုံး ခရီးသည်တင် လေယာဉ်ဖြစ်ပြီး ခရီးသည် ၅၀၀ ကျော် ဆန့်တယ်လို့ သည်ဆန်းသတင်းမှာ အောက်တိုဘာလ ၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up