ဆင်းရဲနေသော ကမ္ဘာ

June 14, 2015

စာကြည့်တိုက်မှာနေ၊ စာအုပ်ဘေးမှာသေချင်တယ်လို့ပြောတဲ့ ဇော်ဇော်

ဘီယာဆိုင်မှာ စားပွဲထိုးလုပ်ရင်း၊ လမ်းဘေးမှာ ငါးကင်ရောင်းရင်းရတဲ့ငွေနဲ့  ပြည်သူတွေကို စာပေအသိရစေဖို့ မန္တလေး အခမဲ့စာကြည့်တိုက် ထူထောင်သူ ကိုဇော်ဇော်ကို  အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့မှုတွေအတွက် အမေရိကန်အခြေစိုက် မြန်မာအသိုင်းအ၀န်းက ပြည်သူ့ဂုဏ်ရည်အထူးဆု ချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်း၊ သူ့ရဲ့ ဘ၀ဖြတ်သန်းမှု တစေ့တစောင်းကို ကိုဇော်ဇော်ကိုယ်တိုင် ဒီဗွီဘီကို  အမှတ်တရ ပြန်ပြောပြထားပါတယ်။ နာဂစ်မုန်တိုင်းနဲ့အတူ ရန်ကုန်ကိုရောက်လာခဲ့သူ [caption id="attachment_97654" align="aligncenter" width="594"]ကိုဇော်ဇော် (ဓာတ်ပုံ -  Mandalay Library) ကိုဇော်ဇော် (ဓာတ်ပုံ -
Mandalay Library)[/caption] နာဂစ်မုန်တိုင်းကြီးကျတဲ့နေ့မှာ ကျနော်က ရန်ကုန်မြို့ကို စရောက်တဲ့နေ့ပဲ၊  ကျနော်ရောက်တဲ့နေ့ရဲ့ ညမှာဖြစ်သွားတာ။ ကျနော်က ည ၁၁ နာရီလောက် ရောက်တယ်လေ။  ရောက်ပြီးတော့ ခဏနေလောက်လည်းကျရော မုန်တိုင်းကြီးက စတာပဲ၊ အဲလိုဘ၀ကနေ ကျနော်က စရောက်တာ။ တယောက်တည်းပဲ ရောက်လာတာ။ အဲဒီညက စားသောက်ဆိုင် မန်နေဂျာအိမ်ကို သွားအိပ်ရတာ။ ခ၀ဲခြံမှာ ထမင်းစားသောက်ပြီး မကြာဘူး မုန်တိုင်းတိုက်တာ။ ညသန်းခေါင်ကျော်ကျတော့ မုန်တိုင်းကြီးက တိုက်လာတာ။ သစ်ပင်တွေက မြေကြီးပေါ်မှာ လဲကုန်တယ်။ ကျနော်တို့ စားသောက်ဆိုင်တွေလည်း ပိတ်ထားတယ်။ မန်နေဂျာကလည်း အိမ်ပျက်စီးသွားတော့ သူ့အိမ်ကို ကျနော်က ၀င်ပြီးတော့ကူညီရတာ။ စစချင်း သူ့ရဲ့ဆိုင်ကို မသွားရဘူး။ ၅ ရက် ၆ ရက်လောက်သူ့အိမ်မှာနေပြီးမှ ကျနော့်ကို ဆိုင်ကိုခေါ်သွားတာ။ ကျနော်က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကတောကျေးရွာအုပ်စု၊  စည်သာကျေးရွာကနေပြီးတော့ ရန်ကုန်ကို စာအုပ်ကလေး ၃ အုပ်နဲ့ တက်လာခဲ့တာ။ ဘီယာဆိုင်အလုပ်သမားဘ၀ ရန်ကုန်ရောက်လာတော့ ကျနော်က တာမွေမြို့နယ်က ဘီယာဆိုင်မှာ စားပွဲထိုးလုပ်တယ်။ ရောက်ရောက်ချင်းမှာပဲ ကျနော့်မှာ ကြုံတွေ့တဲ့ အခက်အခဲတွေ အများကြီးပေါ့။ စစလုပ်ချင်းကိုတောင်မှ စားပွဲထိုး တန်းမခန့်ဘူး။ အိမ်သာဆေးခိုင်းတယ်၊ ကြမ်းတိုက်ခိုင်းတယ်၊ ဆိုင်ပိုင်ရှင်ရဲ့သားလာရင် သူ့ရဲ့ စီးတဲ့ဖိနပ်ကို ချွတ်ခိုင်းတယ်။ ခုခေတ်စားပွဲထိုးတွေနဲ့ဆိုရင် အများကြီး ကွာသွားတယ်ပေါ့။ ခု ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် သင်လို့ရတယ်၊ အကြော်ခန်းထဲကို ၀င်လို့ရတယ်။ ကျနော်တို့ခေတ်တုန်းကတော့ အကြော်ဆရာရဲ့ အကြော်ခန်းထဲကိုတောင်မှ ၀င်ခွင့်မရဘူး။ ကျနော်တို့ကို ထမင်းကြွေးတာတောင်မှ ဆန်ကြမ်းပေါ့လေ၊ ဆန်ကြမ်းနဲ့ ဘယာကြော်လေးတခုနဲ့ မနက်စာကို ပြီးခဲ့ရတာပေါ့။ ညတိုင်ဆိုရင် သူများစားကြွင်းစားကျန်တွေကို အိတ်ကလေးတွေနဲ့ထုတ်ပြီး ကျနော်တို့က စားခဲ့ရတာ။ ခုလည်း မြန်မာပြည်မှာ အများကြီးရှိမှာပါ။ ကျနော့်လိုလူမျိုးတွေလေ၊ အဲလိုပြည်သူတွေကို ကျနော်က အရမ်းစာနာတာ။ ကျနော်က လေးတန်းပဲအောင်တယ်။ ဒါပေမယ့်  စာဖတ်ခဲ့တဲ့အတွက်  ခွန်အားတွေ ရှိလာတယ်ပေါ့လေ။ စာပေကြောင့် အသိပညာတွေ ရှိလာတယ်။ ကျနော်က လေးတန်းပဲ အောင်တယ်ဆိုတော့ ရန်ကုန်မြို့ကြီးမှာ စားပွဲထိုးအဆင့်လောက်ပဲ လူငယ်တွေကို ခန့်တာပေါ့နော်။ ဘွဲ့ရတဲ့လူတွေတောင်မှပဲ ကျနော်တို့ ဗမာပြည်က အလုပ်လက်မဲ့တွေ အများကြီး။ အဲဒါနဲ့ နောက်ပိုင်းမှာ ကျနော်က အကြော်ဆရာဆီကနေပြီးတော့ တတ်တဲ့ပညာကို အသုံးချတယ်။  အသားကင်ပညာကို အသုံးချတယ်။ အဲဒါနဲ့ ကျနော်က ရှိတဲ့ဥစ္စာလေးနဲ့ တွန်းလှည်းလေး တစီးဝယ်ပြီးတော့ လှည်းတန်းမှာ ငါးကင်လိုက်ရောင်းတယ်။ အဲလိုမျိုး ဘ၀ကို စခဲ့ရတယ်။ အခမဲ့ တကိုယ်တော် စာကြည့်တိုက် စတင်ခြင်း [caption id="attachment_97658" align="aligncenter" width="656"] (ဓာတ်ပုံ -  Mandalay Library) (ဓာတ်ပုံ -
Mandalay Library)[/caption] ကျနော်က စာဖတ်ဝါသနာ ပါတယ်လေ။ ပါတော့ကျတော့ ကျနော်က စာကြည့်တိုက်ကို အရင်ရှာတာပေါ့့။ မေးတယ် ပြုတယ်။ အဲလိုရှာတဲ့အချိန်မှာ စာကြည့်တိုက်တွေက ကျနော့်ကို ယုံယုံကြည်ကြည်မငှားဘူး။ တောသားဆိုပြီးတော့နော်။ ပိုက်ဆံမရှိဘူး၊ တောသားဆိုပြီးတော့  ကျနော့်ကို မငှားဘူး။ မှတ်ပုံတင်ယူခဲ့ရမယ်ပေါ့။ ကျနော်တို့မှာ မှတ်ပုံတင်မှမရှိတာ၊ အသက်မပြည့်တော့လေ။ အဲအတွက် ကျနော်ခံစားရတယ်ပေါ့နော်။ အဲဒါနဲ့ ကျနော်ရတဲ့ လစာလေးကနေပြီးတော့ စာအုပ်ပဲ ၀ယ်ဖတ်တာနဲ့ တနှစ်လောက်က အိမ်ကို ငွေမပို့နိုင်ဘူး။ ကျနော့်မှာ စာအုပ်က ၇၀၀ျေက်ာလောက် ရှိသွားပြီပေါ့။ တနှစ်အတွင်းမှာ စုလိုက်တာလေ။ အခုဆို စာအုပ် ၂ သောင်း ၄ ထောင်လောက်ရှိတယ်။ စာကြည့်တိုက် ၂ တိုက် ဖွင့်ပြီးသွားပြီ။  အခု လှိုင်မြို့နယ် အောင်မေတ္တာ (၄) လမ်းမှာ ငါးကင်ရောင်းပြီး စာကြည့်တိုက်ဖွင့်တယ်။ ပြီးခဲ့တဲ့လက ကျနော်ရဲ့ ဇာတိရွာ ကျောက်ပန်းတောင်း၊ စည်သာကျေးရွာမှာ မန္တလေးစာကြည့်တိုက် ၂ ဆိုပြီး ကျနော် စာအုပ်  ၈၅၀၀ ကို ကျနော်ပြန်ဖွင့်ခဲ့တယ်။ အောင်မြင်စွာ ဖွင့်ခဲ့ပြီးသွားပြီ။ ကျနော်ကတော့ ရိုးရှင်းတယ်။ ရန်ကုန်မြို့က စာကြည့်တိုက်တွေမှာ အသင်းဝင်တွေ ဘာတွေ ကျနော့်မှာ လုံးဝမရှိဘူး။ အမေရိကန်သံရုံးက တခါ ၂ ရက် စာကြည့်တိုက်သင်တန်း ပို့ချတယ်။ ဒါပေမယ့် ကျနော်က အင်္ဂလိပ်စာမှ နားမလည်တာ၊ ဘာမှ အသိပညာမရခဲ့ဘူး။  စာအုပ်ထိန်းသိမ်းမှုတွေ ဘာတွေ ဘာမှမသိဘူး။ အခုလည်း ကျနော့်စာကြည့်တိုက်က ဒီလိုပဲပေါ့နော်။ ကိုယ်လိုချင်တဲ့စာအုပ်ကို ကိုယ့်ဘာသာကိုယ် ဘောပင်နဲ့ရေး၊ ပြီးသွားရင် ကိုယ့်ဘာကိုယ်ပြန်အပ်၊ ကိုယ့်ဘာသာကိုယ် ပြန်စီ၊ ဒီလိုစနစ်ပဲကျင့်သုံးတာ။ ကျနော် စာကြည့်တိုက်တံခါးကို ဖွင့်ခဲ့တယ်။ ကျနော် ပိုက်ဆံရှိလို့ စာကြည့်တိုက်ဖွင့်တာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေ အသိပညာရှိဖို့ စာကြည့်တိုက်ဖွင့်တာ။ ဒါကြောင့် ကျနော် စာအုပ်ပျောက်လည်း ကျနော်က မနှမျောဘူး။ စက်ဘီးကလေးနဲ့ ရွေ့လျားစာကြည့်တိုက် [caption id="attachment_97656" align="aligncenter" width="646"] (ဓာတ်ပုံ -  Mandalay Library) (ဓာတ်ပုံ -
Mandalay Library)[/caption] ကျနော့်နီးစပ်ရာ ပတ်ဝန်းကျင်ကို ကျနော်က အခမဲ့ စက်ဘီးခြင်းတောင်းလေးထဲ ထည့်ပြီးတော့ လိုက်လိုက်ပို့တယ်။ ကျနော် စာပေကြောင့် ခွန်အားရှိခဲ့တယ်။ စာပေကို ဖတ်ပေးကြပါ။ အသိပညာတွေရှိတယ်ဆိုပြီး ကျနော်က လိုက်ပြီးပို့တယ်။ အခု ကျနော် သမိုင်းလမ်းဆုံကနေ MRTV4 အထိအောင် ညနေငါးနာရီခွဲလောက်ဆို ကျနော် စက်ဘီးလေးပေါ်မှာ စာအုပ် ၇၅ အုပ် တင်သွားတယ်။ ဟိုဘက်တခေါက် ဒီဘက်တခေါက်ပေါ့။ ကျနော့်ကို လူတွေက ရင်းနှီးနေတယ်လေ။ သူတို့ဆီကို စာအုပ် ၁၀ အုပ်ပို့ပြီးတော့  ၁၀ အုပ်ပြန်ယူ၊ နောက်လူဆီမှာ ၁၀ အုပ် ပြန်ပေးပေါ့။ အဲလို စာကြည့်တိုက်ဆိုတော့ ကျနော့်စာအုပ်က မပျောက်တော့ဘူးပေါ့လေ။ အိမ်တိုင်ယာရောက် ပို့ပေးတာဆိုတော့။ သိပ်အကြာကြီးလည်း မပို့ရဘူး။ နာရီဝက်လောက်ဆိုရင် လူပေါင်းများစွာ ဖတ်လို့ရတယ်။ ၃ ရက်တခါ ၄ ရက်တခါမှ ကျနော်သွားသိမ်းပေးတာ။ လူငယ်လူရွယ်တွေကိုရော၊ မြန်မာနိုင်ငံက စာကြည့်တိုက်တွေကိုရော ကျနော်မေတ္တာရပ်ခံချင်တယ်။ စာကြည့်တိုက်ဖွင့်မယ်ဆိုရင် စာအုပ်ပျောက်မယ်ဆိုတာ သိထားဖို့လိုတယ်။ စာအုပ်ပျောက်တိုင်း မနှမျောပါနဲ့။ စာပေမျိုးစေ့ဆိုတာ အရမ်းတန်ဖိုးရှိပါတယ်။  စာအုပ်ပျောက်တိုင်းသာ နှမျောနေရင် စာကြည့်တိုက်ဖွင့်ဖို့ စိတ်ကူးမထားပါနဲ့။ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေကလည်း စာကြည့်တိုက်တွေကို များများသွားကြပါ။ စာပေကပေးမယ့် ခွန်အားတွေ အများကြီးပါ။ ကျနော့် မန္တလေးစာကြည့်တိုက်ကနေပြီးတော့ အခမဲ့ စာအုပ်ငှားပေးပါတယ်။ ခက်ထန်ကြမ်းတမ်းတဲ့ ငယ်ဘ၀ကောက်ကြောင်း ခု ကျနနော့်အသက်က ၂၅ နှစ်စွန်းစွန်းလေး ရောက်သွားပါပြီ။ အဖေအမေလည်း ရှိပါတယ်။ အဖေက ၅၁ နှစ်၊ အမေက ၅၂ နှစ်၊ အားလုံးမွေးချင်း ၆ ယောက်မှာ ညီမလေးက အငယ်ဆုံး၊ ဒီနှစ် ၇ တန်းတက်မှာ။ ကျနော်က ဒုတိယမြောက်ပါ။ ကျောင်းမတက်နိုင်တာက ကျနော် ပိုက်ဆံမရှိဘူးဗျ။ ကျနော်တို့ မိသားစုက ဆင်းရဲတယ်လေ။ ကျနော်တို့က သူများယာမြေတွေကို လိုက်ပြီးတော့ အငှားလုပ်ရတယ်။ ကျောင်းဆက်တက်ချင်တာပေါ့ အစ်ကိုရာ။ တက်ချင်တယ်၊ ပိုက်ဆံမရှိလို့ မတက်ရတာ။ သူများတွေလို ကွန်ပျူတာတွေလည်း ကျွမ်းကျင်ချင်တယ်၊ အင်္ဂလိပ် စကားပြောတွေလည်း တတ်ချင်တယ်။ သူများတွေ ကျောင်းဝတ်စုံလေးနဲ့ သွားနေတယ်ဆိုလည်း ကျနော်က သွားချင်တာလေ။ ကျောင်းဝတ်စုံလေးတွေနဲ့ လမ်းသွားတာတွေ့ရင် မျက်ရည်ဝဲရတယ်ပေါ့နော်။ ကိုယ်ကျောင်းမနေခဲ့ရဘူးလေ။ အခွင့်အရေးရရင် ငါးတန်းကနေ ပြန်နေခိုင်းရင်တောင် နေချင်တာပေါ့။ ဘာကြောင့် ကျောင်းမနေခဲ့ရသလဲဆိုတော့ ကျနော်တို့က ဆင်းရဲတယ်လေ။ ဆင်းရဲတာမှ ကျနော် ငါးတန်းတုန်းက သူများတွေက ထမင်းချိုင့်လေးတွေနဲ့ စားနေရင် ကျနော့်မှာ ထမင်းချိုင့် မထုတ်နိုင်လို့ ရွာကို တခါပြန်စားရတာပေါ့လေ။ မစားနိုင်တဲ့နေ့ဆိုရင် အမေက တောထဲမှာ ပဲကောက်ထားတဲ့ ပဲလေးတွေကို  ခါးပုံစလေးထဲမှာထည့်၊ လယ်တောထဲမှာ မီးဖုတ်စားရတာလေ။ တဖြည်းတဖြည်းနဲ့ ခက်ထန်ကြမ်းတမ်းလာတဲ့ အခါကျတော့ ကျနော်တို့  အမေကနေပြီးတော့ ကျောင်းမထားနိုင်တော့ ကျနော် ရွာထဲက သစ်ပင်တွေကနေပြီး သစ်ရွက်တွေလိုက်ခူးပြီး ရွာထဲမှာ လိုက်ရောင်းရတာ၊ ဘ၀နာခဲ့ရတာပေါ့။ နှစ်လ သုံးလလောက် ကျောင်းမနေဘဲနဲ့ နောက်ဆုံးကျတော့ ကြီးပွားတိုးတက်ချင်တယ်ပေါ့နော်။ ရန်ကုန်မြို့ကြီးကို ရောက်ဖူးချင်တယ်ဆိုပြီးတော့၊ ရွှေတိဂုံဘုရားကြီးလည်း ဖူးချင်တယ်ဆိုပြီးတော့ ပိုက်ဆံလေး ကျပ် ၇၅၀၀ နဲ့ စွန့်စားပြီးတော့ ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့တယ်။ အဖိုးရဲ့လက်ဆောင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ [caption id="attachment_97657" align="aligncenter" width="661"]10463901_576894972451478_213293546126403438_n (ဓာတ်ပုံ - Mandalay Library)[/caption] အရမ်း အဲဒါကြီးက ဆန်းကျယ်တယ်ဗျ။ ကျနော်တို့ မိသားစုကို ဆင်းရဲအောင်လုပ်တာကလည်း ဗိုလ်ချုပ်ပိုက်ဆံတွေပဲဗျ။ ကျနော်တို့ပိုက်ဆံတွေ ပြည်သူပိုင် အသိမ်းခံရတာ ကျနော်တို့တောမှာလေ၊ အဘပြောတာ ဦးနေ၀င်းခေတ်မှာ တရာတန်တွေပေါ့၊ သုံးမရတော့ဘူး ကြေညာတာ။ အဘက ဆင်းဆင်းရဲရဲနဲ့ အောက်ပြည်အောက်ရွာကို အလုပ်သွားလုပ်တော့ ပိုက်ဆံတွေ ပါလာတာပေါ့။ ပါလာတဲ့ဟာ သူ့ဥစ္စာ ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွားတာ။ သုံးနှစ်သုံးမိုးလောက်ပေါ့၊ သုံးနှစ်လောက်ကို သွားလုပ်တဲ့ဟာ အဲဒီက ပိုက်ဆံတွေက အလကားပဲ၊ အသုံးမ၀င်တော့ဘူးပေါ့လေ။ အဘက ပြန်လာရင် အိမ်ကလေးဆောက်ပြီး သူများအိမ်မှာ မနေတော့ဘဲနဲ့ သူများအလုပ်တွေ လိုက်မလုပ်တော့ဘဲနဲ့ ယာလေးဘာလေး နွားတရှဉ်းလေး ဘာလေး ၀ယ်ပြီးနေမယ်ပေါ့။ အဘက သုံးနှစ်သုံးမိုး သူများဆီမှာသွားပြီး အလုပ်လုပ်တာ ပိုက်ဆံတွေ ရလာတယ်။ အဲဒါတွေကို ပြည်သူပိုင်သိမ်းလိုက်တာ။ အဲဒါကြီးကို ကြည့်ကြည့်ပြီးတော့ အဘက အမြဲတမ်းပြောတာ ကျနော်တို့ မြေးတွေဘာတွေ ရှင်ပြုလို့ရတယ်ပေါ့။ အဲဒီတုန်းက ပိုက်ဆံဆိုရင် အဘက အဲဒီပိုက်ဆံတွေကို တန်ဖိုးထားတယ်။ သူသိပ်ချစ်တဲ့၊ လေးစားတဲ့ ဗိုလ်ချပ်ပုံ ပိုက်ဆံတွေကို ကျနော် ရန်ကုန်သွားတော့ လက်ဆောင်ပေးလိုက်တယ်။ လေးစားအားကျဆုံးပုဂ္ဂိုလ် [caption id="attachment_97655" align="aligncenter" width="627"] (ဓာတ်ပုံ -  Mandalay Library) (ဓာတ်ပုံ -
Mandalay Library)[/caption] ကျနော် အလေးစားဆုံး ပုဂ္ဂိုလ်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်။ ကျနော် ရန်ကုန်ကို စတက်လာတော့ ကျနော်ပိုက်ဆံ ၇၅၀၀ နဲ့ ဘဘဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ပိုက်ဆံတွေ ကျနော့်အဖိုးက လက်ဆောင်ပေးလိုက်တယ်လေ။ ဘီယာဆိုင်မှာ အလုပ်လုပ်နေတုန်းက အပွင့်တွေနဲ့ ရဲတွေ၊ စည်ပင်တွေကို ကျနော် အမြဲတမ်းကြောက်နေရတာ။ ကျနော့်ပိုက်ဆံတွေကို သိမ်းမှာကြောက်နေတာ။ ကျနော့်အဘက သားတဲ့ ဒီပိုက်ဆံတွေနဲ့ ဗိုလ်ချုပ်ပုံက အရမ်းတန်ဖိုးရှိတယ်တဲ့၊ ငါ့မြေး ထိန်းသိမ်းစောင့်ရှောက်ပါဆိုပြီး အရွက်ပေါင်း ၈၅၀၀ ကို ကျနော့်ကို လက်ဆောင်ပေးလိုက်တာပေါ့။ အဲဒါကို ကျနော့်စာကြည့်တိုက်မှာ ကျနော် မြတ်မြတ်နိုးနိုးနဲ့ ထာဝရ ချိတ်ဆွဲထားတယ်။ ကျနော့်ဆီမှာ ဗိုလ်ချုပ်ပုံပါတဲ့ ငါးပြားစေ့က အစ တရာတန်အထိအောင် ကျနော့် စာကြည့်တိုက်မှာရှိတယ်။ ရွာကနေပြီး ရန်ကုန်ကိုတက်မယ် ဆိုတုန်းက ဗိုလ်ချုပ်အောင်ဆန်း ပိုက်ဆံတွေ ကျနော့်ကို လက်ဆောင်ပေးလိုက်တယ်။ အဲဒီပိုက်ဆံတွေကြည့်ပြီး သား ခွန်အားရှိအောင် ကြိုးစားပါ။ ဗိုလ်ချုပ်ရဲ့ စိတ်နေသဘောထားကို ရအောင်လုပ်ယူပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တို့ဗမာပြည်မှာတော့ အထူးခြားဆုံးပုဂ္ဂိုလ်ပဲ၊ အရမ်းနှလုံးလှတယ်ပေါ့နော်၊ သားလည်း တနေ့ ဒီလိုဖြစ်အောင် ကြိုးစားပါပေါ့နော်။ မချိုးဖြစ်၊ မစားဖြစ်ခဲ့တဲ့ ၀ါးမျှစ်ကလေးများ ကျနော့်အဘက ပုံပြင်တွေပြောရင် သစ်ပင်တွေ၊ ၀ါးပင်တွေကို ကြည့်ပြီးပြောတယ်။ ကျနော်က တောမှာနေတော့ ၀ါးပင်ရင်းက မျှစ်တွေကို စားချင်တာတောင်မှ ကျနော့်အဘက ဘယ်လိုပြောလဲဆိုတော့ ငါ့မြေး မင်း ဒီဝါးပင် မျှစ်ပေါက်တွေကိုစားရင် မင်းနဲ့ ဘဘအတွက်ပဲ ဖြစ်မှာပေါ့ကွတဲ့။ ဒီဝါးပင်ရဲ့ မျှစ်ကလေးကို ပြုစုပျိုးထောင်ပြီးတော့ တို့နိုင်ငံအတွက်၊ တိုင်းပြည်အတွက်၊ ရွာအတွက်ဆိုရင် အများကြီး အသုံးဝင်တယ်ပေါ့။ ဟာ ဘဘကလည်း သား နားမှမလည်တာပေါ့လို့ ပြန်ပြောတော့ သားတနေ့ နားလည်မှာပေါ့တဲ့။ တနေ့ ကျနော်တို့ မြေးအဘိုးနှစ်ယောက်က လှည်းလေးတလှည်းနဲ့ ၀ါးပင်ရဲ့ အကိုင်းအခက်တွေကို ခုတ်ပြီးတော့ ဘဘနဲ့ ငါ့မြေး မစားခဲ့တဲ့ ၀ါးပင်တွေဟာ အခု တို့ရွာမှာ၊ တို့အိမ်မှာ နှစ် ၈၀ သုံးလို့ရပြီတဲ့၊ ထမ်းပိုးတွေလည်း လုပ်လို့ရတယ်၊ နိုင်ငံအတွက် သစ်ပင်ဝါးပင်တွေကို တဲထိုးလို့ရတယ်၊ အိမ်ဆောက်လို့ရတယ်၊ ခွဲသားလုပ်လို့ရတယ်။ တို့မြေးအဖိုးနှစ်ယောက် တခဏတာ မစားခဲ့တဲ့ ဥစ္စာဟာတွေဟာ ရွာအတွက်ကော၊ တိုင်းပြည်အတွက်ကော ဘယ်လောက် အသုံးဝင်လဲဆိုတာ မြေးလေးကြည့်ပါ။ လူဆိုတာ ငါ့ဖို့ ငါ့ဟာ ငါ့ဥစ္စာဆိုတာ ဘယ်တော့မှ မမက်နဲ့ကွတဲ့။ အဲဒါ လူ့အတ္တသမားတဲ့၊ ခု ကျနော့်ဘဘက မရှိတော့ဘူး။ ဘဘပြောခဲ့တဲ့ပုံပြင်တွေ ဇာတ်ထုပ်တွေကို နားထောင်ပြီးတော့ ကျနော်တတ်သလို၊ ကျနော်သိသလို လူငယ်တွေကိုလည်း စာပေမျိုးစေ့တွေ ချပေးချင်တာပေါ့။ အကြိုက်နှစ်သက်ဆုံးစာပေ [caption id="attachment_97659" align="aligncenter" width="598"] (ဓာတ်ပုံ -  Mandalay Library) (ဓာတ်ပုံ -
Mandalay Library)[/caption] ကျနော်အကြိုက်ဆုံး စာရေးဆရာတွေကတော့ များတယ်။ ဆရာကြီး ရွှေဥဒေါင်းကို ကြိုက်တယ်။ ကဗျာဆရာ စာရေးဆရာကြီး မင်းသုဝဏ်လည်းကြိုက်တယ်။  ဆရာမြသန်းတင့်လည်း ကြိုက်တယ်။ တက္ကသိုလ်စိန်တင်လည်း ကြိုက်တယ်။ ကျနော်ကတော့ အဖြစ်အပျက်ကို ပုံဖော်ထားတဲ့ တကယ့်မှတ်တမ်းတွေကို ကြိုက်တယ်။ အတ္ထုပ္ပတ္တိတွေကြိုက်တယ်။ စာအုပ်ကတော့ ဖတ်တယ်။ စိတ်ညစ်ရင် ဘာမှမလုပ်ဘူး၊ စာပဲထိုင်ဖတ်တယ်။ ညဆိုရင် ၁၀ နာရီထိုးလောက်ကနေ စာကြည့်တိုက်ပိတ်ပြီး အိပ်ချိန် ၁၁ နာရီထိုးလောက်ကနေ ဖတ်လိုက်တာ ၃ နာရီထိုးလောက်မှ ပြီးတယ်။ ကျနော့်ဘ၀ကို လွှမ်းမိုးတဲ့ စာအုပ်ကလေးကတော့ ဦးဘသန်း (ဓမ္မိက) ရေးတဲ့  ယောနသံဇင်ယော် စာအုပ်ပဲ။ အဲဒီစာအုပ်ကလေး ကျနော် အရမ်းကြိုက်တာ။ တောင်ပံမပါလို့မို့လို့ ကြိုးစားပမ်းစား ပျံတက်တဲ့ ခွန်အားဖြစ်စေတဲ့ ငှက်ကလေးကို အရမ်းကြိုက်တာ။ နိုင်ငံတိုးတက်ဖို့ စာပေနဲ့ ပြုပြင်လိုသူ ကျနော့်ဘ၀က မြန်မာပြည်တိုးတက်ဖို့၊ မြန်မာလူမျိုးတွေ တိုးတက်ဖို့ စာပေနဲ့ ပြုပြင်မှာလေ။ ကျနော်တို့ လူငယ်တွေ၊ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အကောင်းဆုံးလက်နက်က ကိုရီးယားမှာရှိတဲ့ နျူကလီးယား အဏုမြူဗုံးလည်း မဟုတ်ဘူး။ အမေရိကန်မှာရှိတဲ့  ဒုံးကျည်တွေလည်း မဟုတ်ဘူး။ စာပေပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာ စာပေနဲ့ ပြုပြင်မှရမှာ။  ကျနော်တို့ဆီမှာက စာတအားငတ်တာ၊ စာဖတ်ချင်တယ်။ စာကြည့်တိုက်မရှိဘူး၊ လုံးဝမရှိဘူး။ ကျနော်တို့နေရာမှာ ၁၆ ရပ်ကွက်ရှိတယ်။ ၁၆ ရပ်ကွက်လုံးက ကျနော့်လို လမ်းဘေးဈေးသည်ရဲ့ စာကြည့်တိုက်ကိုပဲ လာကြရတာဆိုတော့ အရမ်းရင်နာတာပေါ့နော်။ ဒါကြောင့် အများကြီး စာကြည့်တိုက်တွေ ဖွင့်ချင်တယ်။ အမှန်အတိုင်းပြောရင် ကျနော်က လေးတန်းအောင်ပါပဲ။ ကျနော့်လို လေးတန်းပဲအောင်တဲ့ လူတယောက်က ဒီလိုလုပ်နိုင်တယ်ဆိုရင် ဘွဲ့ရ၊ ပညာတတ်တွေကလည်း ဒီလိုသာ လုပ်လိုက်ရင် စာကြည့်တိုက်တွေ များများဖွင့်မယ်။ တတ်တဲ့ပညာနဲ့ အသုံးချလိုက်မယ်ဆိုရင် တချိန်ချိန်ကျရင် အောင်မြင်တဲ့လူတွေ အများကြီးဖြစ်လာမှာပေါ့။ မြန်မာပြည်မှာရှိတဲ့ လူငယ်လူရွယ်တွေ အသိပညာတွေရှိအောင် ကြိုးစားကြပါ။ စာပေတွေ များများဖတ်ပါ။ ကျနော့်လို လေးတန်းအောင် တယောက်တောင် စာပေတွေဖတ်လို့ ခွန်အားရှိခဲ့တာ၊ ဘွဲ့ရ ပညာတတ်တွေ အတန်းပညာတွေ သင်ထားတဲ့လူတွေက စာပေတွေဖတ်လိုက်ရင် ကျနော်တို့တိုင်းပြည် အနာဂတ်က ကောင်းသွားပါမယ်။ အခု ဒီမှာ ကျနော်တို့ မြန်မာပြည်မှာ အဖတ်အများဆုံးက ၉ တန်းရဲ့ အောက်က ကလေးတွေကျတော့ ကာတွန်းတွေ အဖတ်များတယ်။ ၂၄ နှစ်ကျော်သွားရင် သုတ၊ ရသ၊ ဘာသာပြန်တွေ အဖတ်များတယ်။ ၈၅ ရာခိုင်နှုန်းက လူကြီးတွေမလာဘဲ ကလေးတွေ လာနေကြတယ်။ အဲဒါလေး ကျနော် အားရကျေနပ်တယ်။ မကျေနပ်ဆုံးက မြန်မာပြည်ရဲ့ စာကြည့်တိုက်စနစ်ပေါ့။ မြို့စွန် အောင်မင်္ဂလာ အဝေးပြေးကနေ လှည်းတန်းထိအောင်  စာအုပ်အသစ်တအုပ်ကို ၀ယ်ဖို့ ဆိုင်တဆိုင် မရှိဘူး။ လှည်းတန်းနဲ့ မြို့ထဲပဲ စာအုပ်ဆိုင်ရှိတယ်။ ပြည်သူ့ဂုဏ်ရည် အထူးဆုရတဲ့ပေါ် ဆုရတဲ့အတွက် ၀မ်းသာတာပေါ့။ ကျနော့်လို လမ်းဘေးဈေးသည်ကို ဒီလိုဆုပေးတာ။ ကျနော့်မှာလည်း တာဝန်တော့ ပိုများသွားတာပေါ့လေ။ ကျနော်က ကိုယ်တတ်တဲ့ပညာနဲ့၊ သိတဲ့ပညာနဲ့ စာဖတ်ပြီးတော့ အသိပညာတွေရသလို သူများလည်း ရစေချင်တဲ့အတွက် ကျနော်က စာကြည့်တိုက် ဖွင့်တာပေါ့လေ။ ကျနော်က နိုင်ငံရေးတွေ ဘာတွေ ဘာမှမသိဘူး။ စာပေခွန်အားပဲ သိတယ်။ ကျနော့်ကို စာအုပ်တွေ လာလှူလို့ရပါတယ်။ ကျနော့်စာကြည့်တိုက်က ကျနော်တို့ မြန်မာပြည်အတွက် ရပ်တည်တာ။ အလှူရှင်တွေလာလို့ ကျနော် စာအုပ်တွေ အများကြီးရရင် ကျနော် စာကြည့်တိုက်တွေ အများကြီးဖွင့်နိုင်တာပေါ့။ အနာဂတ်မျှော်လင့်ချက်   ကျနော့်ရည်မှန်းချက်ကတော့ စာပေထဲမှာပဲ ကျနော့်ဘ၀ကို မြှုပ်နှံမယ်။ ကျနော် ဒီဘ၀မှာ ကျနော်တို့ မြန်မာလူမျိုးတွေ အသိပညာရှိဖို့ ကျနော်တတ်နိုင်တဲ့ဘက်က လုပ်မှာပဲ။ ကျနော့်မှာ အဖွဲ့အစည်း ဘာတယောက်မှမရှိဘူး။ ကျနော့်စာအုပ်တအုပ်ကို စာအုပ်လာချုပ်ပေးတဲ့ မြန်မာနိုင်ငံသား တယောက်မှမရှိဘူး၊ အခုအချိန်အထိအောင်။ အခုဆိုရင် ကျနော့်စာကြည့်တိုက်က ရန်ကုန်တမြို့လုံးတင်မကဘူး၊ တနိုင်ငံလုံးကလူတွေက အကုန်လုံးသိနေပြီ။ မန္တလးစာကြည့်တိုက်မှာ လွတ်လပ်စွာ ငှားနိုင်တယ်၊ ပြုနိုင်တယ်ပေါ့။ အဓိကလိုချင်တာ ကျနော့်မှာ တိုက်ခန်းမရှိဘူး။ ဒီနေရာကနေ ပြောင်းသွားရမှာ အရမ်းစိုးရိမ်တာ။ လှိုင်မှာ ကျနော်က အိမ်ခန်း တလကို ၂ သိန်းပေးပြီးတော့ ငှားထားရတာ။ အိမ်လခကတော့ ကျနော်တို့ ငါးကင်ရောင်းရတဲ့အထဲက လုပ်တာပဲ။ ကျနော်တို့ ညီအစ်ကို ၃ ယောက်ရှိတယ်။ ၃ ယောက်စလုံးက ကျနော်တို့ဘ၀က ဆင်းဆင်းရဲရဲပဲ။ ကျနော်တို့မှာ စာကြည့်တိုက်ဖွင့်နိုင်တဲ့ ဂုဏ်ပုဒ်ပဲရှိတယ်၊  ကျနော်တို့မှာ ချမ်းသာတာ စာအုပ်ပဲရှိတယ်။ စာအုပ်ဖိုးကကျတော့ တလကို ကျပ် ၂၈၀၀ - ၃၀၀၀ လောက် စာအုပ်ဖိုးဆိုပြီးတော့ ကျနော်က သီးသန့် စုဘူးလေးထဲမှာ ထည့်တယ်ပေါ့။ ကျနော် မခံချင်စိတ်နဲ့ စာတွေဖတ်ပြီးတော့ လမ်းဘေးမှာ ငါးကင်ရောင်းပြီးတော့ အသိပညာတွေ ရှာခဲ့တယ်ပေါ့နော်။ ကျနော့်လို လူငယ်တွေလည်း စာကြည့်တိုက်တွေသွား၊ စာတွေဖတ်လိုက်လို့ရှိရင် သူတို့မိသားစုတွေအတွက်၊ မြန်မာပြည်အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်ဆိုပြီး ကျနော်က စာကြည့်တိုက်နဲ့ ဘ၀ကို လုံးလုံးရပ်တည်ခဲ့တယ်။ ကျနော်သေရင်တောင်မှ စာကြည့်တိုက်ဘေးနားမှာ၊ စာအုပ်ဘေးနားမှာ သေချင်တယ်။  ကျနော်နေချင်တာက  စာကြည့်တိုက်မှာ ထာဝရနေချင်တယ်။
6 years Ago

June 12, 2015

ဆင်းရဲနေသော ကမ္ဘာ (ဆောင်းပါး)

ကမ္ဘာမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုနှုန်းဟာ များသထက် များလာတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာပင် ဆင်းရဲမှုနှုန်းဟာ ယခင်ကထက် ပိုများလာတာကို တွေ့ရပါတယ်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ပေါ်လာတဲ့အခါမှာ တရုတ်ပြည်က အကျပ်အတည်းကို လျော့နည်းအောင်နဲ့ သက်သာမှုရရှိအောင် ငွေအလုံးအရင်းနဲ့ ကျားကန်ပေးခဲ့တယ်။ ဒေါ်လာ ၅၉၆ ဘီလီယံကို ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းအတွက် ကူညီပေးခဲ့ပါတယ်။ ဒီလိုကူညီခဲ့တဲ့အတွက် အာရှတိုက်ဟာ အဆိုးဝါးဆုံး အခြေအနေ ရောက်မသွားအောင် ရှောင်လွှဲနိုင်ခဲ့တယ်။ ပေဂျင်းဟာ တရုတ်နိုင်ငံက တရုတ်ပြည်သူတွေအတွက် စီးပွားရေး ကပ်ဆိုးကြီးက လွတ်အောင် အငြိမ်းစားလစာပင်စင် စီမံကိန်းချပြီး ကူညီခဲ့တယ်။  တရုတ်ပြည်မှာ လူဦးရေသန်းပေါင်း ၁၄ဝဝ နီးပါး ရှိလာပြီး များပြားလာတဲ့ လူဦးရေနဲ့အတူ  တရုတ်ပြည်သူတွေရဲ့ စားဝတ်နေရေး ချောင်ချိအောင် တရုတ်အစိုးရက အာရုံစိုက်ခဲ့တယ်။ တရုတ်ပြည်သူတွေရဲ့ တနေ့ဝင်ငွေဟာ ပျမ်းမျှ ၂ ဒေါ်လာပဲရှိတယ်။ တရုတ်ပြည်သူတွေကို အထောက်အပံ့ရဖို့ ပင်စင်စီမံကိန်းချရာမှာ အစိုးရက ငွေကို ပုံအောအသုံးပြုခဲ့တယ်။ ကျေးလက်က တရုတ်လူမျိုး ၅၅ သန်းကို အဓိကထားပြီး ကူညီထောက်ပံ့ခဲ့တယ်။ အစိုးရက ပင်စင်ထောက်ပံ့မှုနှုန်းဟာ တနှစ်ကို ၁၅ ဒေါ်လာကနေ ၇၅ ဒေါ်လာအထိ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အတိုင်းအတာအရ ပြည်သူလူထုရဲ့ ဆင်းရဲမှုကိုလည်း အကူအညီပေးတာဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်အကုန်ဆိုရင် တရုတ် ကျေးလက်ဒေသက ၄ ပုံ ၃ ပုံဟာ သက်သာချောင်ချိလာလိမ့်မယ်လို့ ယူဆတယ်။ အခုဆိုရင် တရုတ်အစိုးရဟာ ကျေးလက်သာမက မြို့ပြအထိ စီမံကိန်းချမှတ်ခဲ့တယ်။ အဲဒီလို လူမှုဖူလုံရေး အစီအစဉ် ပြုလုပ်တာဟာ တရုတ်တနိုင်ငံတည်း မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကလည်း အိန္ဒိယပြည်သူတွေအတွက် ဆောင်ရွက်လာတာ တွေ့ရတယ်။ အိန္ဒိယနိုင်ငံရဲ့ အသက်ကြီးသူ ၈၅ သန်းကို အငြိမ်းစားပင်စင်ပေးဖို့ စီစဉ်ထားတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တို့က အသက်ကြီး ပင်စင်ပေးဖို့ ၇၂ နှစ်ဆိုရင် ပေးသင့်တယ်လို့ ယူဆပါတယ်။ ကမ္ဘာကြီးက အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ ဒုက္ခိတဖြစ်တဲ့သူတွေကို အာရုံစိုက်ပြီး ကူညီထောက်ပံ့ဖို့ သဘောတူကြပါတယ်။ အဲဒီလို ထောက်ပံ့ကူညီသင့်တဲ့သူ အများစုကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိတယ်။ ဆင်းရဲမွဲတေမှုကို ကူညီထောက်ပံ့ပြီး တိုက်ဖျက်ဖို့အတွက် ကမ္ဘာက အာရုံစိုက်လာတာပါပဲ။ တချို့နိုင်ငံတွေမှာ အသက်ကြီးတဲ့သူတွေကို ကူညီထောက်ပံ့ဖို့ဆိုတဲ့ အစီအစဉ် စနစ်တကျ မရှိပါဘူး။ တချို့ဆို အနည်းငယ်သာရှိပြီး အများစုကတော့ ဒုက္ခရောက် မွဲတေနေတုန်းပါပဲ။ ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှု အပြောင်းအလဲတွေ ရှိလာပါတယ်။ အရင်က ချမ်းသာတဲ့နိုင်ငံတွေဟာ ကြွေးပတ်လည်ဝိုင်းတာတွေ ရှိလာတယ်။ ဒီအခါ အောက်လွှာက အသက်ကြီးတဲ့သူတွေအဖို့ ပိုဒုက္ခရောက်လာပါတယ်။ ၂ဝဝ၈ - ၂ဝဝ၉ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြွေးပတ်ချာလည် ဝိုင်းတာတွေ ဖြစ်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်တင်းပေးဖို့ ရှိလာပါတယ်။ တချိန်တည်းမှာ မတည်ငြိမ်တဲ့ စီးပွားရေးစနစ်အရ အကြွေးတွေ တနင့်တပိုး မဖြစ်အောင်လည်း ရှောင်ကြဉ်လာရတယ်။ တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ ထမ်းဆောင်ဖို့ကိုလည်း အသင့်ပြင်ထားကြရတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာကြီးမှာတင်နေတဲ့ အကြွေးတွေကို  စာရင်းထုတ်ပြန်ခဲ့တယ်။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးဟာ ၂ဝ၁ဝ မှာ ဒေါ်လာ ၃၄ ထရီလီယံရှိခဲ့ပြီး ဒီနှုန်းနဲ့သာဆိုရင် ၂ဝ၁၅ မှာ ဒေါ်လာ ၄၈ ထရီလီယံအထိ တက်လာမယ်လို့ ခန့်မှန်းကြတယ်။ ဒီလိုဖြစ်လာတာဟာ ဈေးကွက်တွေက တရားခံ မဟုတ်ဘူးလို့ ဆိုတယ်။ ကျဆင်းနေတဲ့ စီးပွားရေးကြောင့် နောက် ၅ နှစ်အတွင်း ဒေါ်လာ ၅ ထရီလီယံအထိ အကြွေးတွေ တိုးလာမယ်လို့ ခန့်မှန်းကြပါတယ်။ အချမ်းသာဆုံးနိုင်ငံတွေကတော့ ဒေါ်လာ ၂၉ ထရီလီယံကနေ အခုဆိုရင် ဒေါ်လာ ၄၂ ထရီလီယံအထိ အကြွေးပိုများလာတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးလာတဲ့ ဈေးကွက်တွေအရ ဒီပြဿနာကို တစိတ်တပိုင်း ဖြေရှင်းပေးနိုင်ပါတယ်။ အခုအချိန်ကနေ ၂ဝ၁၅ အထိ ကမ္ဘာ့စီးပွားရေး အခြေအနေ တိုးတက်လာလိမ့်မယ်။ ၅၄ ရာခိုင်နှုန်းအထိ စီိးပွားရေး တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ ယခုအခါမှာ ဖွံ့ဖြိုးလာတဲ့ ဈေးကွက်မှာ ပါဝင်ပတ်သက်သူတွေလည်း အများကြီး ဖြစ်လာပါတယ်။ အထူးသဖြင့် လူလတ်တန်းစားအသစ်တွေ ပေါ်လာခဲ့တယ်။ ကောင်းမွန်တဲ့ အစိုးရတွေဟာ ဆင်းရဲတဲ့သူတွေအတွက် ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေကို ပြုလုပ်လာပါတယ်။ “အခုအခါ ဖွံ့ဖြိုးတဲ့ ဈေးကွက်စီးပွားရေးတွေဟာ အလွန့်အလွန်ကို ဖွံ့ဖြိုးတိုးတက်လာတယ်။ ဖွံ့ဖြိုးမှုဟာ လိုက်မမီနိုင်လောက်အောင် ဖြစ်လာတယ်လို့ ဆိုရမယ်။ ဖွံ့ဖြိုးလာတဲ့ ဈေးကွက်စီးပွားရေးကို ဖွံ့ဖြိုးမှုနဲ့အတူ ကုန်ပစ္စည်းတွေ ထောက်ပံ့နိုင်ဖို့တောင် ကြိုးပမ်းအားထုတ်လာကြတယ်။ အဲ့ဒီအတွက်တောင် ဖိအားပေးခဲ့ကြရတယ်။” ဟု ဘရွတ်ကင်း အင်စတီကျူးရှင်းက အက်စ်ဝါပရာဆပ်က ပြောတယ်။ အဲ့ဒီလို ဈေးကွက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေအတွက်လည်း ပြုပြင်ပြောင်းလဲဖို့အတွက် နောက်တဆင့် ဈေးလှမ်းလှမ်းဖို့ ကြိုးစားလာရပါတယ်။ လုံခြုံစိတ်ချမှုဆိုတာလည်း လိုအပ်လာတယ်။ သူတို့မှာ မူဝါဒရေးဆွဲသူတွေ ဆုံးရှုံးမသွားအောင် လုပ်လာကြရတယ်။ အဲ့ဒီလို ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဆင်းရဲမွဲတေသူတွေအပေါ် ကူညီစောင့်ရှောက်ဖို့ ပြဿနာကို စဉ်းစားတဲ့အခါ ချို့ယွင်းချက်တွေကို အရင်ကြည့်ရတယ်။ အနောက်နိုင်ငံတွေမှာ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့အမှားတွေ ရှိပါတယ်။ သူတို့ဟာ ဓလေ့ထုံးစံအရ လူမှုဖူလုံရေးဆိုတာကို ပျက်ကွက်နေလေ့ရှိတယ်။ လူမှုကူညီရေးအတွက် အစဉ်အလာအရကို သူတို့မလုပ်ခဲ့ကြဘူး။ ပြည်သူ့ဝင်ငွေထဲကနေ အစိုးရက လူမှုဖူလုံရေး အကူအညီပေးမှုကို ကန့်သတ်ပြီး ဆင်းရဲသူတွေကို ထောက်ပံ့တာ ရှိပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်မှု မရှိဘူး။ တဦးချင်း၊ တဖွဲ့ချင်း ထက်ထက်သန်သန် ကူညီတာ အနောက်နိုင်ငံတွေမှာ အလွန်နည်းပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒရေးဆွဲသူတွေက အနောက်နိုင်ငံတွေနဲ့ မတူဘူး။ သူတို့ဟာ အသက်ကြီးသူတွေ၊ ဆင်းရဲသူတွေ၊ ကျန်းမာရေး အားနည်းချို့ယွင်းတဲ့သူတွေ၊ ကျောင်းနေရွယ် ကလေးတွေကို အဓိကထား ထောက်ပံ့ကြတယ်။ နိုင်ငံရေးသမားတွေနဲ့ မပတ်သတ်ဘဲ ငွေကြေးပေးကမ်းတဲ့အထိ ကူညီကြတယ်။ အစိုးရနဲ့ မပတ်သက်ဘဲ မိမိဘာသာ ထက်ထက်သန်သန်နဲ့ စေတနာထား ကူညီပေးတာတွေ ရှိပါတယ်။ တတိယကမ္ဘာခေါင်းဆောင်များ အနေနဲ့ မညီမျှမှုတွေကို တိုက်ပွဲဝင်ဖို့၊ အလိုအပ်ဆုံးသူတွေကို ကူညီဖို့ဆိုတာ သူတို့အတွက် လုပ်သင့်လုပ်အပ်တဲ့ လုပ်ငန်းအဖြစ် ယူဆကြပါတယ်။ ဒါဟာ တတိယကမ္ဘာခေါင်းဆောင်များအတွက် ရိုးရာလုပ်ငန်းလိုလည်း ဖြစ်တယ်။ အဲ့ဒီနိုင်ငံတွေရဲ့ စီးပွားရေးဟာ လိုအပ်ချက်တွေရှိတယ်။ မသမာ အကျင့်ပျက်မှုတွေ၊ လိုအပ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ဆင်းရဲသူတွေကို ကူညီစောင့်ရှောက်ရေးကတော့ အဲ့ဒီနိုင်ငံတွေမှာ အမြဲရှိနေတယ်။ “အိန္ဒိယခေါင်းဆောင်တွေဟာ ၁၉၅ဝ ခုနှစ်တွေလောက်ကစပြီး ဆင်းရဲခြင်းလွတ်ကင်းဖို့ကို ထိပ်တန်းဦးစားပေးအဖြစ် အစီအစဉ်ချ ဆောင်ရွက်ကြတယ်။” လို့ ကိုလံဘီယာတက္ကသိုလ် စီးပွားရေးဌာန ပါမောက္ခ အာဗင်ပါနာဂါနီယာက ပြောပါတယ်။ “အဲ့ဒီိလို အစီအစဉ်ရေးဆွဲပြီး ရည်မှန်းချက်ရှိပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး စီမံချက်တွေဟာ ထင်သလို မအောင်မြင်ခဲ့ဘူး။ ငွေကြေးမလုံလောက်တာ၊ ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ မလုံလောက်တာ၊ နိုင်ငံရေး စီးပွားရေး ကျဆင်းနေပြီး ဖွံ့ဖြိုးမှု အလွန်နှေးနေသောကြောင့်ဖြစ်တယ်။” ဟု ပါမောက္ခက ဆက်ပြောပါတယ်။ အခုဆိုရင် အာရှ၊ လက်တင်အမေရိကတို့မှာ စီးပွားရေးအောင်မြင်မှု မြည်ဟိန်းလာပါပြီ။ အာဖရိကမှာတောင် စီးပွားရေးအခြေအနေ ကောင်းလာပါတယ်။ ဒါကြောင့် ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် အစိုးရတွေက ရန်ပုံငွေတွေထားရှိပြီး ဆင်းရဲမှုသံသရာက လွတ်မြောက်အောင် ကြိုးစားခဲ့ကြပါတယ်။ ဒီဒေသတွေဟာ အရင်က အပစ်ပယ်ခံဒေသတွေ ဖြစ်ပေမယ့် အခုအခါ ကမ္ဘာက အာရုံစိုက်လာပြီး မျှော်လင့်ချက်တွေ ထားရှိတဲ့ ဒေသတွေ ဖြစ်လာပြီ။ ဒီနိုင်ငံတွေမှာရှိတဲ့ များပြားလှတဲ့ ဆင်းရဲတဲ့ လူဦးရေတွေ လျော့သွားအောင်လည်း ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ စိန်ခေါ်မှုဟာလည်း ကြီးမားလာတယ်။ ဖွံ့ဖြိုးလာတဲ့ ဈေးကွက်တွေဟာ အနောက်နိုင်ငံက ဆောင်ရန်၊ ရှောင်ရန်တွေကို စံထားပြီး ကြည့်လာကြတယ်။ သူတို့ဆီက ပင်စင်ပေးတဲ့စနစ်၊ အလုပ်လက်မဲ့ ထောက်ပံ့မှု၊ လူမှုဖူလုံရေး အကူအညီပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာတွေကို လေ့လာကြတယ်။ အနောက်နိုင်ငံတွေအတိုင်း မကျင့်သုံးနိုင်သည့်တိုင် သူတို့ဆီက ဆင်းရဲမှု တိုက်ဖျက်တာကို ဈေးကွက်ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေက လေ့လာကြတယ်။ တချိန်တည်းမှာ အနောက်နိုင်ငံတွေမှာ ပင်စင်ပြဿနာဖြစ်လာတာကို တွေ့ရတယ်။ ပါရီမြို့က လမ်းလယ်တွေမှာ ကားတွေကို မီးရှို့၊ ဆိုင်တွေကို ဖျက်ဆီးနဲ့ ပင်စင်စနစ်ကို ဆန္ဒပြလာကြတယ်။ လူမှုဖူလုံရေးစနစ်ဟာ အကြွေးဗုံးတွေကို ဖောက်ခွဲဖို့ ယမ်းမှုန့်တွေမဖြစ်ဖို့ လိုပါတယ်။ IMF က ဘဏ္ဍာရေးဌာန တာဝန်ခံဖြစ်သူ ကာလိုကော်တာရယ်လီက “ဆင်းရဲမှုကို ငွေအများအပြားသုံးပြီး ဖြေရှင်းမယ်ဆိုတဲ့နိုင်ငံ မရှိသေးပါဘူး။” လို့ ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ သူတို့ရဲ့ သယံဇာတရရှိတဲ့ ဝင်ငွေတွေနဲ့ စီးပွားရေးကို တိုးတက်အောင် နည်းလမ်းတွေ ရှာကြတယ်။ တူရကီ၊ မာလာဝီ အစိုးရတွေနဲ့ အိန္ဒိယနိုင်ငံက အင်ဒရာပရာဒက်ပြည်နယ် အစိုးရတွေဟာ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့အတူ ကျေးလက်ဒေသတွေနဲ့ မြို့ပြက ဆင်းရဲသူတွေအတွက် အကာအကွယ်ပေးဖို့ ပူးပေါင်းလုပ်ဆောင်တာကို တွေ့ရတယ်။ အသေးစား အာမခံလုပ်ငန်းတွေကိုလည်း လုပ်လာတယ်။ တကမ္ဘာလုံးက အသေးစားနိုင်ငံ ၄၅ နိုင်ငံက ဆင်းရဲသူတွေထက် အဆင်းရဲဆုံးသူတွေကို ငွေကြေးထောက်ပံ့တာ လုပ်လာတယ်။ သူတို့ရဲ့ သားသမီးတွေကို စာသင်ခန်းထဲမှာ ကာကွယ်ဆေးထိုးပေးတဲ့ အနိမ့်ဆုံးလုပ်ငန်းတော့ လုပ်တာပါပဲ။ ဆင်းရဲတွင်းက လွတ်မြောက်ဖို့အတွက် ဆောင်ရွက်ကြတာဖြစ်တယ်။ ၁၉၉ဝ ခုနှစ်တွေက ချီလီနဲ့ မက္ကဆီကို နိုင်ငံတွေဟာ ဆင်းရဲမှုလျော့ပါးရေး လုပ်ငန်းစဉ်တွေကို လက်တွေ့ လုပ်ဆောင်ကြတယ်။ ဒါပေမယ့် ဆင်းရဲမှုလျော့ပါးအောင် လုပ်တဲ့အထဲမှာ ဘရာဇီးနိုင်ငံက ကျယ်ကျယ်ပြန့်ပြန့်နဲ့ အဖြစ်ထွန်းဆုံးပါပဲ။ မိသားစု အစီအစဉ်ဆိုပြီး တနိုင်ငံလုံးမှာ အဆင်းရဲဆုံးနှင့် အလိုအပ်ဆုံး ၁၂ ဒသမ ၇ သန်းအတွက် ဒေါ်လာ ၇ ဒသမ ၈ သန်း သုံးစွဲခဲ့ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ထောက်ပံ့ရေး အစီအစဉ်အရ လူဦးရေ ၄ ပုံ ၁ ပုံဖြစ်တဲ့ ၅၃ သန်းကို ငွေကြေး  ထောက်ပံ့ခဲ့တယ်။ ရီယိုဒီဂျနေရိုးမှာရှိတဲ့ ဂက်ကျူလီယို ဘားဂတ်စ် ဖောင်ဒေးရှင်းက ဘောဂဗေဒပညာရှင် မာဆယ်လိုနေရီက ယခုလို ထောက်ပံ့မှုတွေ ပြုလုပ်တာဟာ ဘရာဇီးနိုင်ငံက ဆင်းရဲပြီး လိုအပ်နေသူတွေကို လျော့ပါးစေပါတယ်လို့ ဆိုပါတယ်။ ၂ဝဝ၁ ခုနှစ်ကစပြီး ဆင်းရဲမှု လျော့ပါးရေး အစီအစဉ်ဖြစ်တဲ့ ဘိုဆာဖန်မလီယာ စီမံကိန်းအရ တနှစ်ထက်တနှစ် တိုးတက်အောင် အောင်မြင်လာခဲ့တယ်။ ၂ဝ၁ဝ ခုနှစ်မှာ အဆင်းရဲဆုံး ဘရာဇီးလူဦးရေဟာ ဝင်ငွေတိုးတက်လာခဲ့တယ်။ ဆင်းရဲမှုဟာလည်း ၁ဝ ရာခိုင်နှုန်းကနေ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်။ ချမ်းသာကြွယ်ဝမှုဟာလည်း တနှစ်ကို ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာတယ်။ ဆင်းရဲသူတွေကို ငွေကြေးထောက်ပံ့တဲ့ စီမံကိန်းဟာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိကနိုင်ငံပေါင်း ၄ ဒါဇင်လောက်ဟာ ဆင်းရဲသူတွေကို ငွေကြေးထောက်ပံ့တဲ့ အစီအစဉ် ချမှတ်တာဟာ လက်တွေ့ကျတယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံအများအပြားကိုလည်း ဒီအစီအစဉ်သစ် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ အင်ဒိုနီးရှားကလည်း ဘရာဇီးရဲ့ အစီအစဉ်ကို အာရုံကျနေပါတယ်။ အောက်တိုဘာလတုန်းက ဖိလစ်ပိုင်ဟာ အဲ့ဒီအစီအစဉ်အတိုင်း နိုင်ငံမှာရှိတဲ့ မိသားစု ၂.၂ သန်းကို ဆေးစစ်ပေးတာမျိုး၊ ဆေးကုပေးတာမျိုးနဲ့ ကျောင်းထားပေးတာမျိုးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဆင်းရဲမှုတိုက်ဖျက်ရေး အစီအစဉ်ကောင်းတွေကို ရှာဖွေလေ့လာကြတယ်။ အခွန်ထမ်းပြည်သူတွေဆီကရတဲ့ ငွေတွေနဲ့ ဆင်းရဲမွဲတေတဲ့သူတွေကို ထောက်ပံ့ကူညီဖို့ စီစဉ်ကြပါတယ်။ လူမှုဖူလုံရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် လုပ်ဆောင်ဖို့လည်း ကြိုးစားကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မသမာမှုတွေ၊ ငွေအလွဲသုံးစားမှုတွေ၊ လာဘ်ယူမှုတွေ ရှိတာကြောင့် ထောက်ပံ့ငွေတွေဟာ တကယ်လိုအပ်တဲ့ ဆင်းရဲတဲ့သူတွေဆီ ရောက်မသွားဘဲ ဗြူရိုကရက်အရာရှိတွေဆီ ရောက်သွားမှာကိုလည်း သတိထားရတယ်။ သန်းခေါင်စာရင်းတွေကောက်ပြီး အလွန်ဆင်းရဲလှတဲ့သူတွေကို မီးမောင်းထိုးပြနိုင်အောင် စနစ်တကျ ရွေးချယ်ထောက်ပံ့နိုင်တယ်။ အဆင်းရဲဆုံးတွေ၊ အလိုအပ်ဆုံး မိသားစုတွေ၊ အလုပ်အကိုင် မရှိတဲ့သူတွေ၊ ဝင်ငွေအလွန်နည်းပါးတဲ့သူတွေကို စိစစ်ပြီး ထောက်ပံ့ပေးကမ်းနိုင်ပါတယ်။ လူမှုဖူလုံရေးအရာရှိတွေက ဆင်းရဲတဲ့သူတွေရဲ့ လက်ထဲကို ငွေထုတ်ခွင့်ကတ်ပြားတွေပေးပြီး ဘယ်ဘဏ်မှာမဆို ငွေထုတ်နိုင်အောင်လည်း စီစဉ်ပေးတယ်။ မက္ကဆီကို၊ ချီလီနဲ့ ဘရာဇီးနိုင်ငံတွေဟာ နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၁ ရာခိုင်နှုန်းရဲ့ တ၀က်ကို ဆင်းရဲသူတွေအတွက် ထောက်ပံ့ပေးကမ်းတယ်။ အီသီယိုးပီးယားကတော့ အမျိုးသားကြွယ်ဝမှုရဲ့ ၁.၇ ရာခိုင်နှုန်းကို ထောက်ပံ့တယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ အမေရိကန်နိုင်ငံ GDP ရဲ့ ၄.၄ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအတွက် အသုံးပြုတယ်။ အီးယူနိုင်ငံမှာတော့ GDP ရဲ့ ပျမ်းမျှ ၁၈ ရာခိုင်နှုန်းကို ပြည်သူတွေရဲ့ လူမှုဖူလုံရေးအတွက် အသုံးပြုပါတယ်။ လူမှုဖူလုံရေး အစီအစဉ်သစ်ဟာ ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် ကုထုံးတော့ မဟုတ်သေးပါဘူး။ ဆင်းရဲတဲ့သူတွေကို ငွေကြေးထောက်ပံ့ဖို့ ဆိုတာကလည်း အများအားဖြင့် ရွေးကောက်ပွဲကာလတွေမှာ ပြုလုပ်လေ့ရှိတာ တွေ့ရတယ်။ “ဘရာဇီးနိုင်ငံက သမ္မတသစ် ဒေမာရူးဆက်ဆိုရင် သူမရဲ့ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဖြစ်တယ်လို့ ကြွေးကြော်ခဲ့တယ်။ အဲ့ဒါကလည်း ရွေးကောက်ပွဲကာလက အဆင်းရဲဆုံးဒေသဖြစ်တဲ့ အနောက်မြောက်ဒေသက မဲဆန္ဒရှင်တွေကြားမှာ မဲဆွယ်စည်းရုံးခဲ့ပါတာ ဖြစ်ပါတယ်။ ဘိုဆာဖန်းမလီးယားဆိုတဲ့ ဆင်းရဲသားတွေကို ငွေပေးဖို့ စီမံကိန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန် ဖြစ်ပါတယ်။” အိန္ဒိယမှာတော့ ပိုက်ဆံရှိတဲ့သူတွေ၊ NGO အဖွဲ့တွေက ဆင်းရဲတဲ့ ကျေးလက်တွေကိုသွားပြီး စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်တယ်။ ထမင်း၊ ဟင်းတွေချက်ပြီး သူတို့ကို ကျွေးမွေးတာ ပြုလုပ်ပါတယ်။ သက်သာချောင်ချိရေးလုပ်ငန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် အဓိကလုပ်ငန်းလို ဖြစ်နေပါတယ်။ လူတိုင်းကို အလုပ်မပေးနိုင်တဲ့အတွက် လူတိုင်းကို ထောက်ပံ့ရေးပဲ လုပ်လာကြတယ်။ တကယ်တော့ ထောက်ပံ့ကူညီတာဟာ ပြုပြင်ရေးသက်သက်ပဲ ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ သူတွေက သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးအနည်းငယ်ကို ကုသိုလ်ဒါန လုပ်တဲ့အနေနဲ့  ပေးကမ်းသလို NGO အဖွဲ့ကလည်း အခမဲ့ ဆေးကုသပေးတာတို့၊ အခမဲ့ ကျောင်းထားပေးတာတို့၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးတာတွေပဲ လုပ်ပေးနိုင်တယ်။ တချို့ဆိုရင် ထမင်း ဟင်းကို အမြတ်အစွန်း မဖြစ်စလောက်လေးနဲ့ ဈေးအသက်သာဆုံး ဆင်းရဲသားတွေထံ သွားရောင်းချတာ ရှိပါတယ်။ အမြတ်ဆိုတာဟာလည်း အမည်ခံသာဖြစ်ပြီး ထမင်းတပွဲကို ဈေးအသက်သာဆုံးနဲ့ ဝယ်စားတာပါ။ “သက်သာချောင်ချိရေးဆိုတာဟာ စိန်ခေါ်ချက်တခုပဲ။ တခါတခါမှာ အစားအသောက်တွေကို ဈေးအသက်သာဆုံးနဲ့ ရောင်းချတာဟာ နည်းအသစ်ဖြစ်တယ်လို့ ယူဆနေကြတယ်။” လို့ ပရာဆပ်က ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာ အကြီးအကျယ် စိန်ခေါ်ခံရတာကတော့ သူတို့ရဲ့ သက်သာချောင်ချိရေး၊ အစီအစဉ်တွေ တည်ဆောက်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယဟာ ဖွံ့ဖြိုးတိုးတက်နေဆဲ နိုင်ငံတခု ဖြစ်လာပါတယ်။ ဒီနိုင်ငံမှာ အသက်ကြီးတဲ့ လူအိုတွေနှုန်းကလည်း လူဦးရေ ယခင်ထက် ၃ ဆလောက် ပိုများလာတယ်။ အသက်အရွယ်ကြီးရင့်သူတွေဟာ အလုပ်မလုပ်နိုင်တော့ဘဲ သူတို့ကို ထောက်ပံ့ကူညီရုံ သက်သက်သာ ရှိပါတော့တယ်။ နိုင်ငံအဖို့ အသက်အရွယ်ကြီးရင့်သူတွေကို ထောက်ပံ့မှုဟာလည်း စိန်ခေါ်ချက်တခုလို ဖြစ်လာတယ်။ ဘရာဇီးနိုင်ငံရဲ့ တီထွင်လိုက်တဲ့ ဘိုဆာဖန်မလီယာ စီမံချက်ကလည်း စိန်ခေါ်ခံလာရတယ်။ ပင်စင်စနစ်အပေါ်မှာ ရေရှည်ဆောင်ရွက်နိုင်မလားဆိုတဲ့ ပြဿနာ ကြုံလာရပါတယ်။ ဘရာဇီးမှာ လူမှုဖူလုံရေးနဲ့ အကူအညီပေးရေး ရန်ပုံငွေကို နိုင်ငံရဲ့ GDP ၁၂ ရာခိုင်နှုန်း သုံးပါတယ်။ UK ထက် ပိုပြီးများတဲ့ အသုံးစရိတ်ဖြစ်တယ်။ အသက် ၅၃ နှစ်မှာ အငြိမ်းစားပင်စင်ပေးဖို့ သတ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့် ဘရာဇီးနိုင်ငံမှာ ပင်စင်ယူတဲ့ အသက်ကြီးသူတွေ အလျင်အမြန် တိုးလာတာ တွေ့ရပါတယ်။ အမေရိကနဲ့ ဥရောပထက်ကို အသက်ကြီးသူတွေ ပိုများလာတယ်။ သူတို့တွေဟာ လူမှုဖူလုံရေး အခွင့်အရေးအသစ်ကို ရရှိသွားကြပါတော့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲမွဲတေသူတွေအတွက် ကူညီထောက်ပံ့ရေးကို သက်ဆိုင်ရာ အာဏာပိုင်တွေကရော၊ ကူညီထောက်ပံ့ချင်သူတွေကရော၊ စီးပွားရေးတောင့်တင်းပြီး ပရဟိတစိတ်ဓာတ် ရှိသူတွေကရော ဆင်းရဲမွဲတေမှု ပပျောက်ရေး ရည်မှန်းချက်ကို ကြိုးပမ်းအားထုတ်နေကြပါတယ်။ သက်သာချောင်ချိရေး စနစ်သစ်တွေ၊ လူမှုဖူလုံရေး စီမံချက်တွေနဲ့ ဆောင်ရွက်နေကြပေမယ့် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကတော့ တနေ့တခြား ကြီးနေဆဲပါပဲ။ ဒီလို ကူညီထောက်ပံ့တာဟာလည်း တကယ်တော့ ဆေးမြီးတိုပဲဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီနေ့ကမ္ဘာမှာလည်း စေတနာရှင်တွေ၊ ပရဟိတသမားတွေကပဲ ဒီလို ကူညီကယ်ဆယ်ရေးကို လုပ်ကြတာပါ။ သူတို့ရဲ့ ကူညီကယ်ဆယ်မှုဆိုတာကလည်း ဆင်ပါးစပ် နှမ်းပက်ရုံသာရှိပြီး လူဦးရေ သန်းပေါင်း ၆ဝဝဝ ကျော်မှာ သန်းပေါင်း ၄ဝဝဝ ကျော် ၅ဝဝဝ နီးပါးရှိမယ့် တနေ့ကို ဝင်ငွေ တဒေါ်လာလောက်သာ ရရှိတဲ့ သူဆင်းရဲတွေကို ဘယ်လိုကူညီနိုင်မလဲ။ ဆင်းရဲမွဲတေမှုဆိုတာ မူပြဿနာဖြစ်ပါတယ်။ စနစ်ကြောင့် ဖြစ်ရတာပါ။ အဲဒီ့မူတွေ၊ မှန်ကန်တဲ့စနစ်တွေကို ဘယ်လိုရှာဖွေမလဲဆိုတာ အဓိကကျတာပါ။ ဒါပေမယ့် ဆင်းရဲမှုကို ပပျောက်အောင် လုပ်ချင်တဲ့ဆန္ဒ ရှိလာတာကိုက ကမ္ဘာကြီးအတွက် တစုံတရာ အားကောင်းတဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ ထက်မြက် ကိုးကား - Newsweek
6 years Ago
Up