ဆင်သေဆုံး

July 17, 2015

ဆင် ၃ ကောင် ဓာတ်လိုက်သေဆုံးမှုဖြင့် ထိုင်းရွာသားတဦး ဖမ်ဆီးခံရ

ထိုင်းနိုင်ငံမှာ ဆင် ၃ ကောင် ဓာတ်လိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ပရာချွတ်ကီရီခန်ခရိုင် ဟွာဟင်မြို့နယ်က ဥယာဉ်မှူးတဦးကို ရဲက ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဆွမ်ဖုန်းယာဖတ်ဒီကို ဇူလိုင် ၁၅ ရက်ညပိုင်းက ဖမ်းဆီးလိုက်တာဖြစ်ပြီး သူဟာ ချာလွမ်ကီရက်ပတ္တနာ ရွာက တရားစခန်းအနီးမှာ သားရိုင်းတိရစ္ဆာန်တွေ မလာနိုင်အောင် လျှပ်စစ်သံဆူးကြိုးနဲ့ တားဆီး ကာရံထားခဲ့တာလို့ ဆိုပါတယ်။ မိသားတစုဖြစ်ပုံရတဲ့ ၁၀ နှစ်သား ဆင်အထီးတကောင်၊ ၅ နှစ်သားနဲ့ ၂ နှစ်သား ဆင်အမနှစ်ကောင်ကို ရွာအနီးနားက ရေကန်ငယ်တခုအနီး မျက်လုံးနဲ့ ပါးစပ်မှာ သွေးတွေယိုစီး သေဆုံးနေတာကို ရွာသားတွေက တွေ့ခဲ့ရတာဖြစ်ပြီး ဆင်တွေဟာ ပိုးသတ်ဆေးကြောင့် သေဆုံးခဲ့တာလို့  အစက တွေးထင်ခဲ့ကြတာပါ။ ကန်ကရာချန် အမျိုးသားဥယျာဉ် တာဝန်ရှိသူတွေကတော့ ဆင်တွေရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရတဲ့ လက္ခဏာ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။ ဆင်တွေသေဆုံးရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး အတိအကျသိရဖို့ သီတင်း နှစ်ပတ်လောက် ကြာလိမ့်မယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဥယျာဉ်မှူး ဆွမ်ဖုန်းယာဖတ်ဒီကတော့  ရေကန်ပတ်လည်မှာ သံဆူးကြိုး ကာရံခဲ့ကြောင်းနဲ့ ဆင်တွေ သေဆုံးသွားပြီးနောက် ၀ါယာကြိုးကို ၀ှက်ထားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ သံဆူးကြိုးကြောင့် ဆင်တွေ သေဆုံးရတာ ဖြစ်တဲ့အတွက် သူ့မှာ အပြစ်ရှိတယ်လို့ ခံစားရတဲ့အကြောင်းလည်း သူက ၀န်ခံခဲ့တယ်လို့ ထိုင်း ရဲဗိုလ်မှူးကြီး ဘန်သမ်က သတင်းမှာ ပြောပါတယ်။
6 years Ago
Up