ဆင်အလှပြပွဲ

May 28, 2018

ရုရှားနိုင်ငံက ဆင်အလှပြပွဲ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ မေလ ၂၇ ရက်နေ့က ဆင်အလှပြပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။ စိန့်ပီတာမြို့လယ် ညက်စကီလမ်းမပေါ်မှာ ပြုလုပ်တဲ့ ဆင်အလှပြ စီတန်းလှည့်လည်ပွဲကို ထောင်နဲ့ချီတဲ့ မြို့သူမြို့သားတွေ လာရောက်ကြည့်ရှုကြပါတယ်။ အဲဒီ အလှပြလှည့်လည်ပွဲမှာ ပါဝင်ကြတဲ့ ဆင်တွေဟာ နိုင်ငံတကာ ဆပ်ကပ်ပွဲတော်မှာ ပါဝင်ကြတဲ့ ဆင်တွေဖြစ်တယ်လို့ သိရပါတယ်။ “ဆင်တွေက အကောင်ကြီးပြီး ကြင်နာတတ်တယ်။ တအားလည်း လိမ္မာကြတယ်။ အဆော့မက်ပြီး လူတွေကိုလည်း ရေနဲ့ လိုက်ပက်တယ်။ အရမ်းပျော်စရာကောင်းပါတယ်” လို့ ဒေသခံအမျိုးသမီး ယေကေတီရီနာ က ပြောပါတယ်။ “ဆင်တွေက အကောင်ကြီးပြီး ချစ်စရာကောင်းတယ်။ ဆင်တွေဟာ ကံကောင်းစေတယ်လို့ လူတွေကပြောကြတယ်” လို့ ကမ္ဘာလှည့်ခရီးသည် ယေလီနာက ပြောပါတယ်။ အလှပြစီတန်း လှည့်လည်ပွဲပြီးသွားတဲ့နောက်မှာတော့ ပရိသတ်တချို့ဟာ ဆပ်ကပ်ပွဲ ခြံဝင်းနားသွားပြီး ဆင်တွေကို သွားချောင်းကြည့်ကြပါတယ်။ “ဆင်ဆိုတာက စိန့်ပီတာစဘတ်အတွက် ဌာနေ တိရစ္ဆာန် မဟုတ်ဘူးလေ။ ကျနော်တို့အဖို့ ဆင်ကို မြင်တွေ့ရခဲတယ်။ ဒီလိုအလှပြ စီတန်းသွားလာတဲ့ ဆင်တွေကို  လူတိုင်း မြင်တွေ့ဖူးတာ မဟုတ်ပါဘူး” လို့ စိန့်ပီတာစဘတ်ဒေသခံ အလက်ဇန်းဒါးအဘူဇော့က ပြောပါတယ်။ အဲဒီ ဆင်အလှပြ စီတန်းလှည့်လည်ပွဲကို မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ စိန့်ပီတာစဘတ်မြို့ တည်ထောင်ခြင်း ၃၁၅ နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up