ဆင်လိမ္မာလေးများ

March 13, 2019

ထိုင်းဆင်များနေ့တွင် ဆင်လိမ္မာလေးများက သံဃာတော်များအား ဆွမ်းလောင်း (ရုပ်သံ)

ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဆင်များနေ့ အခမ်းအနားကို ထိုင်းနိုင်ငံရှိ ဆင်စခန်းအသီးသီးမှာ ကျင်းပလျက်ရှိပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် နုန်းနုတ်ဆင်စခန်းမှာ အရွယ်စုံဆင် ၈၇ ကောင်က သံဃာတော် ၉ ပါးကို ဆွမ်းခဲဘွယ်တွေ လောင်းလှူခဲ့ကြပါတယ်။ ဒါ့အပြင် စခန်းကဆင်တွေ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် ဇာတာဆက်ပွဲ ကျင်းပပြီး သံဃာတော်တွေက အန္တရာယ်ကင်းတရားဟောကာ ရွတ်ဖတ်သရဇ္ဈာယ် ပေးခဲ့ပါတယ်။ ဆင်တွေနှစ်သက်တဲ့ သစ်သီးဝလံမျိုးစုံကို လှပစွာ ပုံဖော်ထားသလို ဆင်တွေကိုလည်း အဝကျွေးခဲ့ပါတယ်။ နေ့ခင်းပိုင်းမှာ ဆင်စီတန်းလှည့်လည် အလှူပြပွဲရှိပြီး ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ဒေသခံနဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေပါ ဆင်များနေ့အခမ်းအနားကို လာရောက်ဖို့ ဖိတ်ကြားထားပါတယ်။ အလားတူ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ဟန့်ချတ်မြို့နယ်ရှိ ဆင်ထိန်းသိမ်းရေး ဗဟိုစခန်းမှာလည်း သေသွားတဲ့ ဆင်တွေကို ရည်စူးပြီး အလှူအတန်းပြုတာ၊ လက်ရှိဆင်တွေ သက်ရှည်ကျန်းမာရေးအတွက် ဆုတောင်းတာ၊ စခန်းရှိ ဆင်အကောင်ပေါင်း ၆၀ ကို အသီးအနှံ အစားအစာတွေ အဝကျွေးတာတွေ ပြုလုပ်ပါတယ်။ ဆင်တွေ အထူးသဖြင့် ဆင်ဖြူတော်ဟာ ထိုင်းမင်းဆက်တို့ရဲ့ ပါရမီဖြည့် သတ္တဝါတမျိုး ဖြစ်သလို ထိုင်းနိုင်ငံကိုယ်စားပြု သင်္ကေတလည်းဖြစ်သလို ဆင်တွေဟာ ထိုင်းလူမျိုးတွေအတွက် အရေးပါပြီး သူတို့အပေါ် ချစ်ခင်တန်ဖိုးထားကာ မျိုးမသုဉ်းအောင် ဆက်လက် ထိန်းသိမ်းရေးအတွက် နှစ်စဉ် မတ်လ ၁၃ ရက်နေ့ကို ထိုင်းဆင်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာလို့ ချွန်းပူးရီးခရိုင် နုန်းနုတ်ဆင်စခန်း ညွှန်ကြားရေးမှူး နိုင်းကမ်မဖွန် တန့်စကြ်ာက သတင်းထောက်တွေကို ပြောသွားပါတယ်။ ရုပ်သံ - ချန်နယ် ၃
2 years Ago
Up