ဆင်စွယ်

July 23, 2019

စင်ကာပူတွင် အလေးချိန် ၁၀ တန်နီးပါးရှိ ဆင်စွယ်များ စံချိန်တင် သိမ်းဆည်းမိ

စင်ကာပူနိုင်ငံမှာ အလေးချိန် ၉ ဒသမ ၇ တန် အလေးချိန်ရှိတဲ့ ဆင်စွယ်တွေ စံချိန်တင် သိမ်းဆည်းရမိခဲ့တယ်လို့ စင်ကာပူအစိုးရက ဇူလိုင် ၂၃ ရက်နေ့မှာ ပြောပါတယ်။ အဲဒီဆင်စွယ်တွေဟာ ခန့်မှန်းခြေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉ သန်း တန်ဖိုးရှိပြီး အများစုဟာ အာဖရိကမျိုးနွယ် ဆင်တွေဆီက ဖြစ်ပါတယ်။ ကွန်ဂိုကနေ ရောက်လာတဲ့ အဲဒီဆင်စွယ်တွေကို စင်ကာပူကတဆင့် ဗီယက်နမ်ကိုပို့ဖို့ မှောင်ခိုသမားတွေက စီစဉ်ထားတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ စင်ကာပူနိုင်ငံဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အချာကျတဲ့ နေရာတခု ဖြစ်နေတယ်လို့ တိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေက ပြောကြပါတယ်။ ဆင်စွယ်တွေအပြင် အလေးချိန် ၁၃ တန်ကျော်ရှိတဲ့ သင်းခွေချပ် အကြေးခွံတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ပမာဏ အများအပြား သိမ်းဆည်းရမိတာပါ။ သင်းခွေချပ် အကြေးခွံတွေဟာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇ သန်း တန်ဖိုးရှိပါတယ်။ မျိုးတုန်းလုနီးပါး အန္တရာယ်ကျရောက်နေတဲ့ ဒေသမျိုးရင်း တိရစ္ဆာန်တွေနဲ့ အပင်ဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်ရေးညီလာခံ (CITES) မှာ လက်မှတ်ရေးထိုးထားတဲ့ စင်ကာပူနိုင်ငံက တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်ရေးကို တကမ္ဘာလုံးအင်အားနဲ့အတူ ပူးပေါင်းတိုက်ဖျက်ဖို့ ကတိပြုထားတယ်လို့ ပြောပါတယ်။
2 years Ago

May 1, 2019

မလေးရှားတွင် ဆင်စွယ် ၄ တန်နီးပါး မီးရှို့ဖျက်ဆီး

မလေးရှားနိုင်ငံမှာ ဧပြီ ၃၀ ရက်နေ့က ဆင်စွယ်တွေနဲ့ ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အလေးချိန် လေးတန်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တရုတ်နဲ့ တခြား အာရှနိုင်ငံတွေကို မှောင်ခိုကူးဖို့ မလေးရှားနိုင်ငံကို အဓိက ထွက်ပေါက်အဖြစ် အသုံးပြုနေကြတဲ့ မှောင်ခိုသမားတွေကို နှိမ်နင်းရေး စီမံကိန်း တစိတ်တပိုင်းအတွင်း ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မလေးရှားလေဆိပ်တွေမှာ အလေးချိန် လေးတန်နီးပါးရှိတဲ့ ဆင်စွယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားနိုင်ငံရဲ့ ရေ၊ မြေနဲ့ သဘာဝရင်းမြစ်ရေးရာဝန်ကြီး ဂျေဗီယာ ဂျာယာကူမာက ဧပြီ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီဆင်စွယ်တွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၂ သန်း တန်ဖိုးရှိပါတယ်။ သိမ်းမိတဲ့ဆင်စွယ်တွေ မှောင်ခိုဈေးကွက်နဲ့ လွတ်ကင်းအောင် အခုလို မီးရှို့ဖျက်ဆီးရတာလို့ သူက ဆက်ပြောပါတယ်။ အာဖရိကနဲ့ အာရှအကြား ဆင်စွယ်မှောင်ခိုကူးတဲ့ လမ်းကြောင်းမှာ မလေးရှားနိုင်ငံက အကူးအပြောင်းလုပ်တဲ့ အချက်အချာနေရာမှာ ရှိတယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။ ၂၀၁၈ သြဂုတ်လကလည်း မလေးရှား အာဏာပိုင်တွေဟာ ဗီယက်နမ်ကိုပို့မယ့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိတဲ့ ကြံ့ချို အခု ၅၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။
2 years Ago
More News
Up