၃၅ နှစ်ကြာ ကွဲကွာနေတဲ့ ဆင်ကြီးတကောင်နဲ့ သခင်ဟောင်းတို့ရဲ့ ပြန်လည်တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
ဒီလို စိတ်ထိခိုက်ဖွယ် ပြန်လည်တွေ့ဆုံမှုက ဂျာမနီနိုင်ငံမှာရှိတဲ့ နျူကီချာ တိရစ္ဆာန်ရုံမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
ပီတာအဒမ်ဆန်လို့ခေါ်တဲ့ အမျိုးသားတဦးက အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ အာရှဆင်ကြီး ကာစတီအနားကိုသွားပြီး သူ့ကို မှတ်မိနေသေးပုံရတဲ့ ဆင်ကြီးကို ညင်ညင်သာသာ ပွတ်သပ်ပေးကာ ကြင်ကြင်နာနာ စကားပြောဆိုနေတဲ့ ပုံရိပ်တွေဟာ မြင်တွေ့ရသူတိုင်းရဲ့ စိတ်နှလုံးကို ထိရှစေခဲ့ပါတယ်။
နျူကီချာတိရစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်မှာလည်း ဆင်ကြီး ကာစတီကို စကော့တလန်နိုင်ငံ ဂလပ်စကိုမြို့က ကဲဒါပတ်တိရစ္ဆာန်ရုံမှာ ရှိနေခဲ့တဲ့ ၁၉၇၀ နဲ့ ၈၀ နှစ်တွေအတွင်း အဒမ်ဆန်က ပြုစုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။
အဒမ်ဆန်က ဂျာမနီကို အလည်အပတ် ရောက်ရှိလာချိန်မှာ တချိန်က သူပြုစုခဲ့တဲ့ ဆင်ကြီး ကာစတီ ကျန်းကျန်းမာမာ ရှိနေသေးတယ်ဆိုတာ သိရပြီး လာရောက်တွေ့ဆုံချိန်မှာ ဒီလို လှပတဲ့ အခိုက်အတန့်တခု ဖြစ်ပွားခဲ့ရတာလို့ တိရစ္ဆာန်ရုံက ပေးပို့တဲ့ အီးမေးလ်တစောင်မှာ ဖော်ပြထားပါတယ်။
“ကျနော်နဲ့ ကျနော့်မိတ်ဆွေဟောင်းကြီးကို ပြန်လည်တွေ့ဆုံခွင့်ပေးတဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ အဲ့ဒီအချိန် ကျနော့်ခေါင်းထဲမှာ ဆင်တွေဟာ သူတို့သခင်ကို မမေ့တတ်ဘူးဆိုတဲ့ ဆိုရိုးစကားကို စဉ်းစားနေခဲ့ပြီး ဒီစကားဟာ မှန်ကန်ကြောင်း ကျနော့်ကို ကာစတီက သက်သေပြခဲ့ပါတယ်။ ကျနော့်ကို သူ့အနား ယုံယုံကြည်ကြည် အကပ်ခံခဲ့တဲ့ ကာစတီရဲ့ အသိအမှတ်ပြုမှုကိုလည်း ကျနော် အမြဲတမ်း သတိရ တန်ဖိုးထားနေမှာပါ" လို့လည်း သူကပြောပါတယ်။
ရုပ်သံ - Daily Mail
4 years Ago