ဆင့်ခေါ်

July 27, 2020

အလီဘာဘာတည်ထောင်သူ ဂျက်မားကို အိန္ဒိယတရားရုံးဆင့်ခေါ်

အိန္ဒိယတရားရုံးက အလီဘာဘာကော်ပိုရေးရှင်းနဲ့တည်ထောင်သူ ဂျက်မားတို့ကို ဆင့်ခေါ်ခဲ့ တယ်လို့ ရိုက်တာသတင်းဌာနက ဇူလိုင်လ ၂၇ ရက်မှာ ရေးသားပါတယ်။ . ကုမ္ပဏီအပလီကေးရှင်းနဲ့ပတ်သက်လို့ သတင်းမှားနဲ့ ဆင်ဆာဖြတ်တောက်မှုလို့ အိန္ဒိယ နိုင်ငံတွင်းက ဝန်ထမ်းဟောင်းက ရှုမြင်တဲ့ကိစ္စကို ပယ်ချခဲ့အပြီး သူ့ကို မှားယွင်းအလုပ်ထုတ်မှု အတွက် တိုင်ကြားထားတယ်လို့ တရားရုံးစာရွက်စာတမ်းတွေကို ကိုးကားပြီး ရိုက်တာက ပြောပါ တယ်။ လူမှုရေးနဲ့နိုင်ငံရေး ရှုပ်ထွေးစေမယ့်သတင်းမှားတွေကို ပြထားတဲ့ UC Browser နဲ့ UC News အပလီကေးရှင်းတွေနဲ့ တရုတ်အစိုးရကို မျက်နှာသာ မပေးဘူးလို့ ထင်မြင်တဲ့ စာသားတွေကို အလီဘာဘာက ဆင်ဆာဖြတ်လေ့ရှိတယ်လို့ Alibaba ရဲ့  UC Web က ဝန်ထမ်းဟောင်း ပုရှ်ပန်ဒရာဆင်းဂ်ပါမာက ဇူလိုင် ၂၀ ရက်စွဲနဲ့ စွပ်စွဲထားတယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ ပဋိပက္ခဖြစ်အပြီး အိန္ဒိယက အလီဘာဘာရဲ့ UC News, UC Browser နဲ့ တခြားတရုတ် အပလီကေးရှင်း ၅၇ မျိုးကို လုံခြုံရေးစိုးရိမ်ချက်နဲ့ အကြောင်းပြပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် ခုလိုတရားစွဲမှု ပေါ်ပေါက်ခဲ့တာပါ။  ပါမာဟာ ဂုရုဂရမ်မြို့က UC Web ရုံးမှာ တွဲဖက်ဒါရိုက်တာအဖြစ် ၂၀၁၇ အောက်တိုဘာထိ အလုပ်လုပ်ခဲ့ပြီး မှားယွင်းအလုပ်ထုတ်မှုအတွက် အမေရိကန်ဒေါ်လာ ၂ သိန်း ၆ သောင်း ၈ ထောင် လျော်ကြေး တောင်းထားပါတယ်။  ဂုရုဂရမ်မြို့ ခရိုင်အရပ်ဘက်တရားသူကြီး ဆိုနီယာရှုခန်းက အလီဘာဘာ ဂျက်မားနဲ့ ကုမ္ပဏီအဖွဲ့ခွဲထဲက လူ တဒါဇင်လောက်ကို လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားပြုရှေ့နေကို လွှတ်ပြီး ဖြစ်စေ ဇူလိုင် ၂၉ရက်မှာ တရားရုံးဆီ လာရောက် စစ်ဆေးခံဖို့ ဆင့်ခေါ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမဲ့ အလီဘာဘာ ကိုယ်စားလှယ်တွေက မတုံ့ပြန်ခဲ့ဘူးလို့ ဆိုပါတယ်။  နယူးဒေလီအခြေစိုက် တရုတ်သံရုံး၊ တရုတ်မြို့တော် ပေကျင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့အိန္ဒိယသတင်းနည်းပညာဝန်ကြီးဌာနတို့ကလည်း မှတ်ချက်တစုံတရာ မတုံ့ပြန်သေး ပါဘူး။
1 year Ago
Up