ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)

November 6, 2020

ဝမ်းတွင်းမြို့၌ ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၁ ဦးက အမျိုးသမီး ၁ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ ကြံ့ခိုင်ရေးပါတီဝန်ရံသူ အမျိုးသမီး  ၁ ဦးက မြို့ခံ တခြားအမျိုးသမီး ၁ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ နိုဝင်ဘာ ၅ ရက်မှာ  အမှုလာဖွင့်တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက  သိရပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်စည်သူခိုင်က " ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဂုဏ်သိက္ခာ ကျဆင်းအောင်ရေးတယ်ဆိုပြီး တိုင်ချက်ပေးပြီး အမှုဖွင့်သွားတယ်။ အမှုစစ်ဆေးပြီး အမြန်ဆုံး တရားစွဲနိုင်အောင်လုပ်နေပါတယ်"လို့ ပြောပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့က ကြံ့ခိုင်ရေးပါတီ ဝန်းရံသူ ကိုယ်စားလှယ်လွှဲအပ်ထားတဲ့ အမှတ်(၂)ရပ်ကွက် သိမ်တော်လေးရပ်နေ ဒေါ်သန္တာသန်းဟာ သူ့ရဲ့ကားနဲ့ အသက် ၆၀ ကျော် ယောက္ခမဖြစ်သူ ၂ ဦးကို  ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ အမှတ်(၂)ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးကို ခေါ်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Ma Swe Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ်(၂)ရပ်ကွက် ညီနောင်ကွက်သစ်နေ မဆွေဆွေအောင်က "ဒီနေ့ အမှတ်(၂) မဲရုံမှာ ကြံ့ခိုင်ရေးပါတီ ECအမျိုးသမီး တစ်ယောက် ကားဖြင့် မဲပေးမည့် အဖွားများကို ခေါ်ဆောင်လာပြီး မဲရုံထဲဝင်၍ အဖွားများကိုယ်စား တံဆိပ်တုံးထုပေးသော ဖြစ်စဉ်တခု ဖြစ်ခဲ့တယ် ရိုးရိုးသားသား ယှဉ်ပြိုင်ပါ ရှုံးရင်တောင်သိက္ခာရှိရှိ အရှုံးခံပါကလိမ်ကကျစ်နည်း မသုံးပါနဲ့"ဆိုတဲ့ စာသားများကို ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝမ်းတွင်းမြို့မရဲစခန်းမှာ ဒေါ်သန္တသန်းက တရားလုပ်ပြီး မဆွေဆွေအောင်ကို ဆက်သွယ်ရေးကွန်ရက်တခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား အသရေဖျက်ခြင်း နှောင့်ယှက်ခြင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှု ဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း/ဓာတ်ပုံ-မောင်မောင်လင်း
2 years Ago
Up