ဆက်သွယ်ထား

December 1, 2019

ရုရှား-တရုတ် ဆက်သွယ်ထားသည့် ပထမဆုံးကားလမ်းတံတား ဆောက်လုပ်ပြီးစီး

အာမူးမြစ်ကို ဖြတ်ပြီး ရုရှားနဲ့ တရုတ် နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားဟာ  ပြီးစီးသွားပြီ ဖြစ်ပါတယ်။ အဲဒီတံတားဟာ ရုရှား အရှေ့ဖျားဒေသ ဘိုဂါဗက်ရှုမြို့နဲ့ တရုတ်အရှေ့မြောက်ပိုင်း ဟေးဟယ်မြို့ နှစ်မြို့ကို  ဆက်သွယ်ပေးထားပြီး နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာပါ။   တံတားတည်ဆောက်ရေးကို ရုရှား-တရုတ် ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်ပြီး တံတားအရှည် ၁၀၈၀ မီတာ ရှိပါတယ်။ နောက်ပြီး ဒီတည်ဆောက်ရေးမှာ အရှည်ကီလိုမီတာ ၂၀ ရှိတဲ့ လမ်းဖောက်လုပ်ရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။ အာမူးဒေသအုပ်ချုပ်ရေးမှူးက ရုရှားနဲ့ တရုတ်တို့ဟာ နိုင်ငံတကာပို့ဆောင်ရေး စင်္ကြံသစ် တည်ဆာက်နေပြီး ဒီတံတားက ပို့ဆောင်ရေးစွမ်းရည်ကို  အပြည့်အ၀ အသုံးပြုခွင့်ရစေမယ်လို့ ဆိုပါတယ်။ တံတားတည်ဆောက်ရေးမှာ ၂၀၁၈ အောက်တိုဘာလကတည်းက တရုတ်ဘက်ခြမ်းက ပြီးခဲ့ပေမယ့် ရုရှားဘက်ကတော့ တည်ဆောက်ချိန်ရော ကုန်ကျစရိတ်ပါ ပိုမိုများပြားခဲ့ပါတယ်။   တရုတ်ဘက်ခြမ်းအတွက် တည်ဆောက်ရေးစရိတ်ဟာ ရူဘယ် ၅ ဒသမ ၂ ဘီလီယံ ကုန်ကျပေမယ့် ရုရှားဘက်ခြမ်းကတော့ ရူဘယ် ၁၃ ဒသမ ၆ ဘီလီယံဝန်းကျင်   ကုန်ကျခဲ့ပါတယ်။  အခု ပြီးစီးသွားတဲ့ ရုရှား-တရုတ် နှစ်နိုင်ငံ ဆက်သွယ်ရေးတံတားကို လာမယ့် ၂၀၂၀  နွေဦးပေါက်မှာ ဖွင့်လှစ်ဖို့ မျှော်လ့င်ထားတယ်လို့ ရုရှားအရှေ့ဖျားနဲ့ အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး  ဝန်ကြီးက ပြောခဲ့ပါတယ်။
2 years Ago
Up