မန္တလေးမြို့က စစ်အာဏာရှင် တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုဟာ ယနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး ပစ်ခတ်မှုကို အံတုကာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာ ဒီမနက်ပိုင်းက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ချီတက်ဆန္ဒပြတဲ့ အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ အနည်းဆုံး ၁၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီလို ပစ်ခတ်၊ ဖမ်းဆီးမှုတွေရှိနေပေမဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ် တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အိ နည်းနာပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြပြည်သူတွေက ပြောပါတယ်။
Photo - MPA
ရန်ကုန်မြို့လယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လူထုကို အကြမ်းဖက်ဖြိုခွင်းမှုတွေ အဆက်မပြတ်လုပ်နေပေမဲ့ မြို့လယ်ခေါင်မှာသာမက မြို့နယ်လေးတွေမှာပါ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မပျက် ဆက်လက် မြင့်တက် နေပါတယ်။
တာမွေမြို့နယ်အတွင်းမှာလည်း ကျောက်မြောင်းသပိတ်စစ်ကြောင်းက လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
မြို့နယ်အတွင်းထဲက လူငယ်တွေ၊ ပရဟိတအဖွဲ့တွေကပဲ လုံခြုံရေးအင်အားအပြည့်ယူပြီး စောင့်ရှောက်ပေးနေပါတယ်။ ဒီနေ့မနက်အစောပိုင်းက လူငယ်တွေလည့်လှည်ဆန္ဒပြခဲ့ကြပြီးနောက် မနက် ၁၁ နာရီခွဲမှာ လူစုခွဲပြီး ညနေ ၃ နာရီခွဲကြရင် ပြန်လည်စုဝေး ဆန္ဒပြမယ်လို့သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာလည်း Generation X,Y,Z အကုန်ပါတဲ့ ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆန္ဒပြမှုကို လူအင်အားရာနဲ့ချီ ဆင်နွှဲနေကြပါတယ်။
အခုအချိန်ထိ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားဆီးနှိမ်နင်းတာတော့ မတွေ့ရသေးပါဘူး။ အရင်ရက်တွေကတော့ စစ်ကား ၊ရဲကားတွေနဲ့ လူစိမ်းတချို့ ဒီမြို့နယ်ထဲမှာ ဝင်ထွက်သွားတာ ရှိခဲ့ပါတယ်။