နွေရာသီအပြောင်းအရွှေ့ကာလ တလျှောက်လုံး ဘာစီလိုနာအသင်းနဲ့ သတင်းကြီးခဲ့ပေမဲ့ လိုင်ယွန်အသင်းမှာ ဒီရာသီကုန်တဲ့အထိ ဆက်ရှိနေနိုင်တယ်လို့ လိုင်ယွန်ကစားသမား မမ်ဖစ်ဒီပေးက ပြောပါတယ်။
ဒီပေးဟာ ဘာကာအသင်းနဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေသူဖြစ်ပြီး သူနဲ့လိုင်ယွန် အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ချိန်မှာ ပြီးဆုံးမှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်သူဖြစ်ပါတယ်။
ဘာကာနဲ့ ဒီပေးတို့ အကြား အပြောင်းအရွှေ့သတင်းတွေဟာ ဘာကာအသင်းကို နည်းပြသစ် အဖြစ်ရော်နယ်ကိုးမန်းရောက် ရှိလာခဲ့ပြီးနောက် ပိုပြီးကျယ်လောင်ခဲ့ပါတယ်။
ဒီပေးနဲ့ ကိုးမန်းတို့ဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာ တပည့်တွေ ဖြစ်လို့ပါ။
ဒီပေးဟာ ဗုဒ္ဓဟူးနေ့မှာကစားခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး သူ့အပြောင်းအရွှေ့ကိစ္စတွေ သတင်းကြီးနေပေမဲ့ လိုင်ယွန်အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေသွားဖွယ်ရှိနေတယ်လို့ပြောပါတယ်။
“ ကျနော် ဒီမှာ ပျော်ရွှင်နေပါတယ်။ ကျနော်တို့အသင်းဟာ အသင်းကောင်း တစ်သင်းပါ။ အသင်းဥက္ကဋ္ဌကိုလည်း သဘောကျပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာဆက် ကြည့်ရအောင်ပါ” နယ်သာလန်လက်ရွေးစင်ကစားသမားက ပြောပါတယ်။
ဒီပေးဟာ ဒီရာသီ လီဂူးပွဲစဉ်တွေမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး သူ့ အထက်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ တစ်ဦးတည်းသာ ရှိတော့ပါတယ်။
ဒီပေးဟာ လိုင်ယွန်အသင်းအတွက် အခွင့်အရေးဖန်တီးမှု ၄၂ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်ပြီး ဒါဟာ လီဂူးတစ်ခုလုံးရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ သူဟာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ကိုလည်း ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။
ဒီပေးဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ၂၀၁၇ ခုနှစ်မှာလိုင်ယွန်ကို ရောက်ရှိ လာခဲ့သူဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ၁၅၅ ပွဲကစားကာ ၆၄ ဂိုးသွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက်အောင်ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
2 months Ago