ဆက်နွှယ်

October 29, 2020

မကွေးတိုင်းတွင် ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အမှုပေါင်း ၄၈ မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီးမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလအတွင်း ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၄၈ မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က" ၂၀၂၀ ရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ အနိုင်ရချင်တဲ့ စိတ်တွေကြောင့် ပါတီအချင်းချင်းပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပြီးတော့ ပါတီဝန်းရံတဲ့သူတွေ အင်အားပြ လှည့်လည်တာတွေရှိတယ်” လို့ ပြောပါတယ်။ ကိုဗစ်ကာလ ဖြစ်တာကြောင့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာတွေသိပ်မလုပ်ကြပေမယ့် ပါတီဝန်ရံသူတွေက အင်အားပြလှည့်လည်တာတွေရှိနေလို့ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာတွေမတက်ရအောင် လမ်းကြောင်းတွေလွှဲပေးပြီးတော့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်နဲ့ နယ်မြေအလိုက် လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ မကွေးတိုင်းမှာ ရွေးကောက်ပွဲ အကြိုကာလ  ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ အမှုပေါင်း ၄၈ မှုဖြစ်ပွားခဲ့ရာမှာ  ၁၇ မှုကတော့ ပေါင်းစပ် ညှိနှိုင်းလို့ အဆင်ပြေခဲ့ကာ မကွေးခရိုင်၊ ပခုက္ကူခရိုင်နဲ့ မင်းဘူးခရိုင်တွေမှာ အဖြစ်များတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ အမှုတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှု ၁၇ မှု၊ မဲဆွယ်လှည်လည်စဉ် ယာဉ်တိုက်မှု ၂ မှု၊ နှောင့်ယှက်ဟန့်တားမှု ၂ မှု၊ နေအိမ်ဝင်ရောက်ဖျက်ဆီးမှု ၂ မှု ၊ ဆက်သွယ်ရေးဥပဒေ ၂ မှု  ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေအရ ၁ မှု ၊ ပါတီသိက္ခာ ထိခိုက်အောင် မမှန်သတင်းလွှင့်မှု ၁ မှု၊ ပါတီဆိုင်းဘုတ်ဖျက်ဆီးမှု ၂ မှုနဲ့   မဲဆွယ်စည်းရုံရေး ဟန့်တားမှု ၂ မှု ပါဝင်ပါတယ်။ မကွေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ အမှုအခင်းတွေ လျော့နည်းအောင် ကြိုတင်ကာကွယ် ဖမ်းဆီးတာတွေ၊ လမ်းဆုံလမ်းခွတွေမှာ တာဝန်ချထားတာတွေ၊ မော်တော်ယာဉ်တွေနဲ့ ပြလှည့်လည်တာတွေပြုလုပ်နေပြီး ညပိုင်းမှာလည်း တရားဥပဒေစိုးမိုးရေး အတွက် ပိတ်ဆိုရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up