ဆက်ထိန်းထားမည်

February 17, 2020

ဂရီးလစ်ရှ်ကို အသင်းတွင် ဆက်ထိန်းထားမည်ဟု ဗီလာနည်းပြ ပြော

နွေရာသီ အပြောင်းအရွှေ့မှာ ဂရီးလစ်ရှ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ အသင်းပိုင်ရှင်တွေဘက်က  ပြင်းပြင်းထန်ထန် ကြိုးပမ်းနေတယ်လို့ အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်က ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် အက်စတွန်ဗီလာအသင်း ခေါင်းဆောင်ကို ယူနိုက်တက်အသင်းဘက်က နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၇၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပုံရပါတယ်။  အားထားရတဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ပုံပြင်တွေကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်အစုအဖွဲ့ကို အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဗီလာအသင်း ခေါင်းဆောင်ကို ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။  ဂရီးလစ်ရှ်ဟာ ယူနိုက်တက်အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားတွေထဲက တဦးဖြစ်ပြီး ဒီရာသီမှာ ဗီလာအသင်းအတွက် ၇ ဂိုးသွင်းကာ  ၅ ဂိုးဖန်တီးပေးနိုင်ခဲ့တာ ကြောင့် ယူနိုက်တက်အသင်းရဲ့စိတ်ဝင်စားမှုဟာ ထပ်မံမြင့်တက်လာခဲ့တာဖြစ်ပါတယ်။  ဒါပေမဲ့ ဗီလာနည်းပြ ဒင်းစမစ်ကတော့ သူ့အသင်းခေါင်းဆောင်ကို လာမယ့်ရာသီ ဗီလာအသင်းမှာ ထိန်းထားနိုင်ဖို့ တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ “ကျနော် အရင်က ပြောခဲ့သလိုပါပဲ။ ကျနော်တို့မှာ အသင်းကို အောင်မြင်စေလိုတဲ့ ထူးခြားတဲ့ အသင်းပိုင်ရှင်နှစ်ဦး ရှိနေပါတယ်။ သူတို့နှစ်ဦးမှာ သူတို့ရဲ့ကြိုးစားမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် လုံလောက်တဲ့ ငွေပမာဏကို ရရှိထားပါတယ်။ ခင်ဗျားအနေနဲ့ အသင်းကောင်းတသင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကစားသမားကောင်းတွေကို ထိန်းသိမ်းသွားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အသင်းရဲ့ကစားသမားကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” အက်စတွန်ဗီလာအသင်းရဲ့ ရပ်တည်မှုက ဂရီးလစ်ရှ်ကို လိုချင်နေတဲ့ ယူနိုက်တက် အသင်းအတွက် ထိုးနှက်ချက်တခု ဖြစ်လာနိုင်ပြီး ကစားသမားဟောင်းတဦးဖြစ်တဲ့ ပေါ်ပါကားကတော့ ယူနိုက်တက်အသင်းဟာ ဂရီးလစ်ရှ်ထက် လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကို ပိုပြီးကြိုးစားသင့်တယ်လို့ သတိပေးထားပါတယ်။
1 year Ago
Up