ဆက်တိုက်ဂိုးသွင်

February 9, 2020

စီးရီးအေ ၁၀ ပွဲဆက် ဂိုးသွင်းသည့် ကစားသမားအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

ဗီရိုနာအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် တိုက်စစ်မှူးရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေ ၁၀ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  သီတင်းပတ်အလယ်ပိုင်းမှာတင် ၃၅ နှစ်မြောက်မွေးနေ့ကို ဆင်နွဲထားခဲ့တဲ့ ရော်နယ်ဒိုဟာ ဗီရိုနာနဲ့ပွဲ ၆၅ မိနစ်မှာ ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒီဂိုးကြောင့် သူဟာ စီးရီးအေပွဲစဉ် ၁၀ ပွဲဆက်တိုက်ဂိုး သွင်းနိုင်ခဲ့သူဖြစ်လာပြီး သူ့ရဲ့ဒီ ရာသီလိဂ်ဂိုးပေါင်းဟာလဲ ၂၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။  ၂၀၀၅ ခုနှစ်တုန်းက ဒေးဗစ်ထရက်ဇီဂေးလ်ဟာ ဂျူဗင်အသင်းအတွက် ပြည်တွင်းပွဲစဉ် ၉ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး  ရော်နယ်ဒိုကတော့ သူ့ထက်တဂိုးသလွန်သွားခဲ့ပြီဖြစ်ပါတယ်။  ရော်နယ်ဒိုအတွက် စံချိန်သစ်ရရှိခဲ့ပေမယ့် အသင်းကတော့ ရလဒ်မကောင်းခဲ့ဘဲ ဗီရိုနာအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။  ဗီရိုနာအသင်းအတွက် ချေပဂိုးကို အီလတီတိုက်စစ်မှူး ဖာဘီယို ဘိုရီနီက ၇၆ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၈၆ မိနစ်မှာတော့ VAR နဲ့ ဗီရိုနာတို့ ပင်နယ်တီရရှိခဲ့ပြန်ပါတယ်။  ဒီပင်နယ်တီကို ဂျီယန်ပါလို ပစ်ဇီနီက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်တို့ဟာ တနင်္ဂနွေနေ့ မီလန်ဒါဘီပွဲမှာ အင်တာအသင်းသာအနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးနေရာကို ဖယ် ပေးရတော့မှာပဲဖြစ်ပါတယ်။  ကွန်တီရဲ့ အင်တာအသင်းဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ သုံးမှတ် အကွာ အဆင့်နှစ်နေရာမှာရှိနေတာဖြစ်ပြီး ပွဲကျန်တစ်ပွဲကစားရဖို့ရှိသေးကာ ဂိုးကွာခြားချက်မှာလည်း ဆာရီရဲ့ အသင်းကိုအသာရရှိထားပါတယ်။ 
1 year Ago
Up