ဆက်သွယ်ရေး ဥပဒေပုဒ်မ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃မှုအထိရှိလာ

July 9, 2018

ဆက်သွယ်ရေး ဥပဒေပုဒ်မ ပြင်ဆင်ပြီးနောက် တရားစွဲဆိုမှု ၃၃မှုအထိရှိလာ

ဆက်သွယ်ရေးဥပဒေပုဒ်မကို ပြန်လည်ပြင်ဆင်လိုက်ပြီးနောက်ပိုင်းမှာ အဲဒီပုဒ်မနဲ့ တရားစွဲဆိုမှုဟာ ၃၃ မှုအထိ ရှိလာတယ်လို့ ဒီအမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံအဖွဲ့)ကနေ ၂၀၁၈ခုနှစ် ဇူလိုင်လ ၄ ရက်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်းဟာ ၁၃၄ မှုအထိရှိလာတယ်လို့ ဆိုပါတယ်။ ကဗျာဆရာမောင်ဆောင်းခက “ဆက်သွယ်ရေးဥပဒေပြင်ဆင်တာက ၂၀၁၇ သြဂုတ်လက ပြင်တယ်။ အဲဒီနောက်ပိုင်းမှာ ဖြစ်တဲ့ အမှုက (၃၃)မှုရှိတယ်။ အဓိကကတော့ ဥပဒေတစ်ခု ပြင်တယ်ဆိုရင် အဲဒီအကျိုးဆက်က အကျိုးသက်ရောက်မှုအရ ဒီဥပဒေနဲ့ တရားစွဲဆိုမှုတွေ လျှော့နည်းပပျောက်လာရမယ်။ ပြီးတော့ မတရားခံရမှုတွေ လျှော့နည်းလာရမယ်။ အဲဒီလိုရှိရမယ်။ ဒါပေမယ့် အခုကအဲဒီလိုမဖြစ်ဘဲနဲ့ ဥပဒေက ပြင်ထားက ပြင်ထားသော်လည်းပဲ အရင်တုန်းက အတိုင်းပဲ ဒီဥပဒေနဲ့ မတရား တရားစွဲဆိုခံရတဲ့ အမှုတွေကရှိလာတယ်”လို့ ပြောပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုမှုဟာ ဇွန်လတစ်လထဲမှာတင် အမှုပေါင်း ၆ မှု ရှိခဲ့ပါတယ်။ သာမန်ဝေဖန်မှုမျိုးကိုတွေကိုတောင် တပ်မတော်၊ အစိုးရ၊ အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်အမတ်တွေကိုယ်တိုင် တရားစွဲဆိုမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အရင်အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့တရားစွဲဆိုမှု (၁၁)မှုရှိခဲ့ပြီး လက်ရှိအစိုးရ လက်ထက်အဲဒီ ဥပဒေမပြင်ဆင်မီမှာ အမှုပေါင်း (၉၀)နဲ့ ပြင်ဆင်ပြီးအချိန်မှာ (၃၃)မှုအထိ ရှိလာတာပါ။ ပုဒ်မ၆၆(ဃ)ကို လွှတ်ကနေ မပယ်ဖျက်ဘဲ အရင်အာမခံမပေးတဲ့အပေါ် အာမခံပေးဖို့၊ ထောင်ဒဏ်အများဆုံး ၂ နှစ်ချမှတ်ဖို့နဲ့ ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်ဖို့ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။ အဲဒီလို ပြင်ဆင်လိုက်ပေမယ့် ထိရောက်တဲ့ပြင်ဆင်မှု မဟုတ်တာကြောင့် တရားစွဲဆိုမှုတွေ မြင့်တက်လာတာလို့ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။ “အဓိကကတော့ မတရားသဖြင့်လို့ပြောတဲ့အခါမှာ ရာခိုင်းနှုန်း ၈၀ အထက်ရှိနိုင်တယ်။ ဥပမာ ကျနော်တို့ အမှုအများဆုံးကို ကြည့်လိုက်တဲ့အခါမှာ အစိုးရတို့၊ လွှတ်တော်အမတ်တို့ကို ဝေဖန်လို့ စွဲတဲ့အမှုက များနေတယ်။ ဥပမာ ရခိုင်ပြည်နယ်က ဦးအောင်သန်းဝေဆိုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒေါက်တာအေးမောင်နဲ့ ပြောတဲ့ ဗီဒီယိုဖိုင်တွေယှဉ်တွဲတင်ပြီးတော့ အစိုးရကိုဝေဖန်လို့ဆိုပြီး ၆၆(ဃ)နဲ့တရားစွဲခံရတယ်”လို့ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။ အဲဒီအထဲမှာ တပ်မတော်က တရားစွဲဆိုမှု (၇)မှု၊ အန်အယ်လ်ဒီ ပါတီကတရားစွဲဆိုမှု(၈)မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ကြားလူက တရားစွဲဆိုမှု (၁၀)မှုရှိပါတယ်။ သတင်းမီဒီယာတွေကို ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုထားမှု ၁၈ မှုရှိပြီး သတင်းသမား ၂၆ ဦး တရားရင်ဆိုင်နေရပါတယ်။
3 years Ago
Up