ဆက်တိုက်ဖမ်းဆီးရမိ

May 17, 2017

ရခိုင်ပြည်နယ်ကို တရားမ၀င် ၀င်ရောက်လာသူများ ဆက်တိုက်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မေ ၁၅ ရက်မနက်ပိုင်းက ငါးဖမ်း လှေတစင်း ပေါ်ကနေ မသင်္ကာသူ ၄ ဦးကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် နယ်မြေ ၅ ရေတွင်းကျွန်း ရွက်ညိုတောင်ချောင်းဝကင်းစခန်းနဲ့ ရေတွင်းကျွန်းချောင်းဝ ကင်းစခန်းအကြား နယ်စပ်ခြံစည်းရိုးအနီးမှာ မေ ၁၅ ရက်မနက်ပိုင်းက ငါးဖမ်းလှေတစီး လှေပေါ်မှာ မောင်တောမြို့နယ် အောက်ပြူးမကျေးရွာနေ မိုဟာမတ်ဖေရုပ်ပါ မသင်္ကာသူ လေးဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတရားမ၀င် ၀င်ရောက်လာသူ ၆ ဦးကို ရေတွင်းကျွန်းချောင်းဝ ကင်းစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာမှာ လှေပေါ်မှာ ၈ ဦးပါရှိပြီး အမျိုးသား ၂ ဦးကတော့ လှေပေါ်မှ ခုန်ချထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသူနှစ်ဦးမှာ ဦးရှည်ကျ ကျေးရွာမှာ နေထိုင်တဲ့ ဆာဒက်နဲ့ ရော်ဖီးတို့ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ ဦးရှည်ကျကျေးရွာကနေ တောင်ပြိုလက်ဝဲဘက်ကို ကားနဲ့သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ခြေလျင်ဝင်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်င်ကနေ မြန်မာနိုင်ငံဘက်ကို (၁) ဦးလျှင် တာကာငွေ (၂၀၀၀) နှုန်းနဲ့ အဆိုပါ ၆ ဦးအား လှေနဲ့ ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။ အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာလည်း မေ ၁၅ ရက်ညနေပိုင်းက တရားမ၀င် လိုက်ပါလာသူ ၁ ဦးနဲ့ ပို့ဆောင်ပေးခဲ့သူ ၁ ဦးကို ဖမ်းဆီးရမိပါတယ်။ အမ်းမြို့နယ်၊ ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မြောက်ဦးမြို့ကနေ မင်းဘူးမြို့ကို သီဟဖုန်းမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို မေ ၁၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က စစ်ဆေးခဲ့ရာ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနေ မဘူတူကို ရန်ကုန်ကို ပို့ဆောင်ပေးဖို့ ခေါ်လာကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော် (စီလမ်းဆုံ)မှာလည်း မေလ ၁၆ရက်နေ့  မနက်ပိုင်းက တရားမဝင်ဝင်ရောက်လာသူ ငါးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၃ဝ/၃) နေပြည်တော် (စီလမ်းဆုံ)တိုးဂိတ်မှာ မနေ့ မနက် ၁၁ နာရီက ပလွေးအမြန်လမ်းရဲတပ်ဖွဲ့က စခန်းမှူးနဲ့အဖွဲ့ဟာ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်တွေ ဖြတ်သန်းမောင်းနှင်မှု ရှိ/မရှိ စစ်ဆေးနေချိန် မန္တလေး ကနေ ရန်ကုန်ကို ယာဉ်မောင်း ငြိမ်းချမ်း မောင်းနှင်လာတဲ့ ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တရားမဝင် ၀င်ရောက်လာသူ မာမတ်ဂျာကဲရ်၊ မာမွတ်ဆလီ၊ ဖော်ဇော်ကော်ရိမ်း၊ မာနူးနဲ့ ရော်ဟိမ်းပုလား တို့ ၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကို ယာဉ်မောင်း ငြိမ်းချမ်းနဲ့ စည်သူတို့က လူတဦးကို ငွေကျပ် ၁ဝ သိန်းနဲ့ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာကနေ ခေါ်ဆောင်လာပြီး ရန်ကုန်မြို့ကို ပို့ဆောင်ပေးတာ စစ်ဆေးတွေ့ရှိရတယ်လိုဆိုပါတယ်။ အဆိုပါဖမ်းဆီးရမိမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေနဲ့အညီ စစ်ဆေး အမှုဖွင့် အရေးယူဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။
4 years Ago
Up