စွမ်းအင်စီမံကိန်း

September 6, 2021

တိုတယ်ကုမ္ပဏီက အီရတ်တွင် ဒေါ်လာ ၂၇ ဘီလီယံတန် စွမ်းအင်စီမံကိန်း တည်ဆောက်မည်

ပြင်သစ်ရေနံလုပ်ငန်း တိုတယ်ဟာ အီရတ်တောင်ပိုင်းမှာ အကြီးစားစွမ်းအင်စီမံကိန်း ၄ ခုကို တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန်  သဘောတူညီချက်ကို အီရတ်မြို့တော် ဘဂ္ဂဒက်မှာ စက်တင်ဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့တယ်လို့ အီရတ်ရေနံရေးရာဝန်ကြီးက ပြောပါတယ်။

တိုတယ်ရေနံကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကနဦးရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး အင်ဂျင်နီယာလုပ်ငန်းတွေကို ချက်ချင်း စမယ်လို့ တိုတယ်ရဲ့ အမှုဆောင်အရာရှိချုပ် ပက်ထရစ် ပူးယန်က လက်မှတ်ထိုး အခမ်းအနားမှာ ပြောပါတယ်။

စီမံကိန်းပထမဆင့်မှာ ပြင်သစ်အုပ်စုဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ရေနံစိမ်းတွေ ထုတ်ယူမှုတိုးမြှင့်ဖို့ ရေနံမြေထဲကို ပင်လယ်ရေတွေပန်းထည့်ဖို့ စီမံကိန်း လည်း ပါတယ်လို့ အီရတ်ရေနံဝန်ကြီးက ပြောပါတယ်။

တိုတယ်လုပ်ငန်းစုဟာ အီရတ်တောင်ပိုင်းက ဝက်စ်ကာနာတူး၊ မာ့ဂျ်နွန်း၊ အာတာဝီ၊ တူဘာနဲ့ လူဟိုင်စ် ရေနံတွင်းတွေကနေ ဓာတ်ငွေ့ထုတ်လုပ်ဖို့ စက်ရုံတည် နိုင်ရေးအမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးဦးမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီစီမံကိန်းတွေကနေ တရက်ကို ဓာတ်ငွေ့ကုဗပေ သန်း ၃၀၀ ထုတ်နိုင်ပြီး လုပ်ငန်း ဒုတိယအဆင့်မှာ ၂ဆတိုး ထုတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။

ဒီစီမံကိန်းက ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် အီရတ်ဟာ အီရန်ဆီက ဓာတ်ငွေ့ တင်သွင်းနေရတာကို လျှော့ချနိုင်မယ့်အပြင် ပြည်တွင်းထုတ် ဓာတ်ငွေ့ဟာ အီရန်ကနေ သွင်းနေရ တဲ့ ဓာတ်ငွေ့ထက် ပိုပြီး ဈေးချိုမယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

အီရန်ကနေ ဓာတ်ငွေ့ တင်သွင်းတဲ့ ကုန်ကျစရိတ်ဟာ ဘီတီယူ ၁ သန်းကို ၈ ဒေါ်လာ ကျသင့်ပြီး တိုတယ်ရဲ့ စီမံကိန်းက ထွက်လာတဲ့ ဓာတ်ငွေ့ကတော့ ဘီတီယူ ၁ သန်းယူနစ်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဒေါ်လာသာ ကျသင့်မယ်လို့လည်း သူက တွက်ပြပါတယ်။

 နောက်ထပ် စီမံကိန်း ၂ ခုကတော့ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံနဲ့ အာတာဝီ ရေနံမြေ ကနေ ရေနံစိမ်းထွက်နှုန်း မြှင့်တင်မယ့် စီမံကိန်းတွေပါ။

တိုတယ်ဟာ လက်ရှိ အာတာဝီရေနံမြေကနေ တရက် ရေနံစိမ်းစည် ၈၅၀၀၀ ထုတ်လုပ်နေရာက တရက်ကို ရေနံစိမ်းစည် ၂၁၀၀၀၀ ထုတ်နိုင်ဖို့ ကူညီမယ်လို့လည်း ရေနံဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ထားပါတယ်။

3 months Ago
Up